စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ ကပိုင်ရွာ အနီးရှိတောင်ပေါ်ကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရှိသည်ဟု ကနဦး သိရကာ ဖြစ်စဥ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ဒီနေ့ ၁၂ ခွဲလောက်က ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာအနောက်ဖက်တောင်ပေါ်ကို ပစ်တာ၊ ခရိုင်တပ် ရင်း ၃၆ က တစ်ဦးထိတယ်လို့ ကနဦးသိရတယ်၊ အတည်တော့မပြုနိုင်သေးဘူး” ဟု စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ Mi 35 ဖြင့် နာရီဝက်နီးပါး ပျံဝဲပစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သတင်း ပေးသူရှိသဖြင့် တိုက်ခိုက်ခံရသည်ဟု ဒေသနေပြည်သူများက ယူဆနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။