စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးကုန်း၌ ဂိတ်ဖွင့်ကာ ဆက်ကြေးကောက်နေသော ရဲများ ကို ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်- (M.R.D.A)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား အနောက် ဘက်ထိပ်အနီးရှိ ရွှေတောင်ဦးကုန်း၌ ဂိတ်ဖွင့်ကာ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၈ ဦးခန့်ကို ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲ ၃ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တစ်ပတ်လောက် ကင်းထောက်ပြီး ဝင်ပစ်ခဲ့တာ၊ အဲဒီမှာက ပုံမှန်ဆိုရင် ၁၀ ကောင်လောက်တော့ရှိမယ်၊ တကယ်ဝင်ပစ်တဲ့အချိန်မှာ ဘယ်ကနေ ထွက်လာလဲ မသိဘူးဗျ၊ ၅ ကောင်လောက်ထွက်လာတာ၊ ရပ်နေ တဲ့ကောင်တွေကို ပစ်တာချက်ချင်းလဲသွားတယ်၊ နောက်မှ ထွက်လာတဲ့ကောင်တွေပစ်တာက ကျနော် တို့ရဲဘော်တစ်ယောက်ထိတာ၊” ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်- (M.R.D.A)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ဘလက်ဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ ၁ ၊ ယက္ခညီ နောင်ပျောက်ကျားတပ်ဖွဲ၊ Black Lion Force ( Monywa ) မဟာမိတ် ၃ ဖွဲပူးပေါင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး MRDA မုံရွာ တပ်ခွဲ ၁ မှ ပြည်သူ့ရဲဘော်တစ်ဦး မေးစေ့တွင် ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကားဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာသည် အကြမ်းဖက်စစ်သားတပ်စွဲနေထိုင်သည့် ချင်း တွင်းတံတားဂိတ်၊ မုံရွာကွန်ပျူတာ တက္ကသိုလ်၊ သီတဂူဓမ္မရိပ်သာ၊ ရဲကင်း ၂ ခု၊ ရဲတပ်ရင်း အမှတ် ၂၈ တို့ အနီး၌တည်ရှိပြီး မည်သည့် တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မရှိသေးသည့် နေရာ တစ်ခု ဖြစ်ကြောင်း သိရသည်။
အညာဒေသ တော်လှန်ရေးအရှိန်အဟုန်များ ဆက်လက်မြှင့်တင်နိုင်ရန်အတွက် ဗိုလ်နဂါးဦးဆောင်သည့် M.R.D.A နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို တိုင်းရင်းသားညီအစ်ကို မောင်နှမများမှ ယုံကြည်စွာဖြင့် ထောက်ပံ့ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။