စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျေးရွာတွေကို ဒီမနက်ပိုင်း စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရွာမီးရှို့၊ လုယက်၊ အကြမ်းဖက်နေလို့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ(၃၀)ရက် မနက်ပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ ချင်းတွင်းမြစ်ကမ်းက အောင်ဇေယျမြို့သစ် စစ်မှုထမ်းဟောင်းကုန်း ခေါ် အကျိုးအကန်း ကုန်းထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက ဘန့်ဘွေးရွာ ပျူစခန်းကို ဝင်ရောက်ပြီး အဲ့ဒီကတဆင့် ကြွယ်ချောင်းရွာနဲ့ နဘူးတောရွာကို စီးနင်း၊ လုယက်၊ မီးရှို့နေတာလို့ ဆိုပါတယ်။
“ဒီနေ့ မနက်(၁၁)နာရီလောက်မှာ ဘန့်ဘွေးပျူရွာထဲကို သူတို့(စစ်အုပ်စု) ကားတွေနဲ့ ဝင်လာတာ။ အဲဒီလို ဝင်လာပြီးတော့ ခြေလျင်စစ်ကြောင်းနဲ့ ကြွယ်ချောင်းနဲ့ နဘူးတောကို လက်နက်ကြီးငယ်တွေ ပစ်ခတ်ပြီးတော့ ဝင်တယ်။ နဘူးတောရွာကိုလည်း အခု မီးရှို့နေကြပြီ။ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးဘူး” လို့ ဒေသခံက ပြောပါတယ်။
စစ်အုပ်စုဟာ နဘူးတောရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းကာ ဖောက်ထွင်း လုယက်ပြီးနောက် နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် နဘူးတော၊ စုန်းချောင်း၊ ပတိန်ပြင်၊ ကျွန်းပေါ်၊ ကျောက်ကုန်း၊ ကြက်လျှာ၊ ကျောက်မှော်၊ သံဘို၊ စေသူ စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပါတယ်။
ယင်းမာပင်နယ်ဟာ မုံရွာမြို့နဲ့ ချင်းတွင်းမြစ်သာ ခြားပြီး ဘန့်ဘွေးရွာ အပါအဝင် ယင်းမာပင်နယ်ထဲက စစ်အုပ်စုနဲ့ ပျူတွေ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီးအနားက ရွာတွေကို စီးနင်းလုယက် မီးရှို့လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။