စစ်ကိုင်းတိုင်းအတွင်း နယ်မြေချင်းထိစပ်နေသော ယင်းမာပင်၊ဘုတလင်၊ကနီနှင့် မင်းကင်းမြို့နယ်တို့၌ စစ်ရေးတင်းမာနေပြီး နေရာအချို့တွင် တိုက်ပွဲဖြစ်ပွားနေသည်။
မင်းကင်းမြို့နယ်မှ ပျူစောထီးစခန်းများကို ဖေဖော်ဝါရီ၇ရက်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့(ဖေဖော်ဝါရီ ၁၇ရက်)နံနက်အထိ တိုက်ပွဲဆက်ဖြစ်နေသည်။
“ဒီမနက်တိုက်ပွဲမှာ ပျုရွာကို စစ်တပ်က ဗုံးမှားကြဲသွားတယ်။ ကာကွယ်ရေးရဲဘော်သုံးဦး မိုင်းထိပေမယ့် အသေးစားဒဏ်ရာပဲရတာပါ”ဟု မင်းကင်းမြို့နယ်မှ မြေပြင်စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။
မင်းကင်းမြို့နှင့်ထိစပ်နေသော ကနီမြို့တွင်လည်း ယမန်နေ့(ဖေဖော်ဝါရီ ၁၆ရက်)က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တနေကုန် လေကြောင်းမှကင်းထောက်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။
“တအုံတောင်ရိုးကို ဗုံးကြဲတာ။ လူထိခိုက်မှု မရှ်ိခဲ့လို့တော်သေးတာ။ ယင်းမာပင်ကတော့ ပုလဲဘက်က ဝင်လာတဲ့ စစ်ကြောင်းရှိနေတယ်”ဟု ကနီမြို့ခံတဦးက ပြောသည်။
ကနီမြို့နှင့် ချင်းတွင်းမြစ်ခြားလျက်ရှိနေသော ဘုတလင်မြို့သို့ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၂ရက်မှ စတင်ဝင်ရောက်လာ၍ ဒေသခံများထွက်ပြေးတိမ်း ရှောင်နေကြရသည်။
အဆိုပါ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်နေသည်။
ယင်းမာပင်မြို့မှ၏ ခရိုင်တပ်ရင်း(၃၇)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း နမခကို ဖေဖော်ဝါရီလ ၁၅ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။သို့သော် ထိခိုက်မှုအခြေအနေကို လတ်တလော၌မသိရှိရသေးပေ။
စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းယူထားသော ကောလင်းမြို့ကို ပြန်လည်တိုက်ခိုက်နေစဉ် တစ်ချိန်တည်း၌ စစ်ကိုင်းတိုင်းရှိမြို့နယ်အချို့ကိုလည်း စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်း ပြည်သူ့ကာကွယ်ရေးရဲဘော်ချို့က ပြောသည်။