ယင်းမာပင်၊ လက်ပံတောင်းနှင့် လောင်းလုံးဒေသတို့တွင် တော်လှန်ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ ယနေ့ (ဇူလိုင် ၂၂) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြသည်။
ယနေ့ နံနက်တွင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာ၌ ရွာပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ “ကြောက်ခေတ်ကိုမှောက်ပစ်” ၊ “သွေးကြွေးမှာဆွေးနွေးစရာမရှိ” ၊ “အာဇာနည်မျိုးသေရိုးမရှိ” စသည့် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဉ်မပျက်ချီတက်ဆန္ဒပြလျက်ရှိရာ ယနေ့ရက်ပေါင်း (၈၅၂)ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်သည်။
အလားတူ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင်လည်း သပိတ်အင်အားစုများက “အာဇာနည်တို့ မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” စာသားကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ကြသည်။
ထို့အပြင် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင်လည်း ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ယင်းသပိတ်တွင် စစ်ကောင်စီက ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေမှုများကို ဆန့်ကျင်ရှုတ်ချပြီး ကျဆုံးသွားခဲ့ကြသည့် အာဇာနည်သူရဲကောင်းများကို ဂုဏ်ပြုသည့်အနေဖြင့် “သူရဲကောင်းတို့ရဲ့သွေး ဘယ်တော့မှ မခန်းခြောက်ဘူးဟေ့” ဘန်နာကိုင်စွဲ၍ ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါသပိတ်စစ်ကြောင်းကို လောင်းလုံးမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုများ၊ ကျောင်းသား လူငယ်များ၊ အမျိုးသမီးများနှင့် ဒေသခံပြည်သူ အလုပ်သမားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။