ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသ ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဇွန်လ ၁၁ရက်မနက်တွင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ခြင်းအပြင် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အဖွဲ့ စခန်းငယ်များလည်း စခန်းစွန့်ထွက်ပြေးသွားကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဝိုင်းမော်ကနေ ၁၃ မိုင်ဂိတ်ဖြစ်တဲ့ ဝါးရှောင်အထက်က စုပေါင်းဂိတ်ပေါ့။ အဲဒါ သိမ်းလို့ရပါပြီ။ အဲဒီကနေ ဆက်သွားလို့ရှိရင် ဘွမ်တောင်ဆိုတဲ့ တောတောင်ထဲက စခန်းတစ်ခုရှိပါတယ်။ အဲဒါလည်း သိမ်းလို့ရပါပြီ။ နောက် အရေးကြီးတဲ့ဟာကတော့ ဆဒုံးဘွမ် ဗျူဟာကုန်းပေါ့နော် အဲဒါလည်း အပြီးအပိုင် သိမ်းပိုက်လို့ရပါပြီ။ နောက် လဖိုင်ဆိုတဲ့ ပို့စ်ကိုလည်း သိမ်းပိုက်လို့ရပါပြီ။ အဲဒီ လမ်းတကြောလုံးမှာ ရှိတဲ့ BGFနဲ့ ပြည်သူ့စစ်တွေရှိတဲ့ ပို့စ်ငယ်လေးတွေ တော်တော်များများလည်း သူတို့ဘာသာ သူတို့ ထွက်ပြေးကုန်ပြီလို့ သတင်းရရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု မြေပြင် အခြေအနေ အသေးစိတ်ကိုမူမသိရသေးဟုဆိုသည်။
ထို့အပြင်ယနေ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ကြောင်း ပစ်ကူပေးတိုက်ခိုက်မှု မရှိသည်မှာထူးဆန်းကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
“ လေကြောင်းနဲ့လာပြီး ပစ်ကူတာတွေလည်း မရှိဘူး။ ထူးဆန်းတာကတော့ လေကြောင်း မလာဘူးပေါ့နော်။ အဲဒါတော့ ရှိပါတယ်။” ဟုဗိုလ်မှူးကြီးနော်ဘူကဆက်ပြောသည်။
KIA၏ ဇွန်လ ၁၁ရက် ဆဒုံးဒေသ ထိုးစစ်အတွင်း ဆဒုံးဗျူဟာကုန်း အပါအဝင် စခန်းအကြီး အသေး စုစုပေါင်း ၁၈ ခု သိမ်းပိုက်ရရှိခဲ့ကြောင်းကချင် စစ်ရေးသတင်းရင်းမြစ်အချို့ကလည်းအသိပေးသည်။
ဝိုင်းမော် -ကန်ပိုက်တည် လမ်းပေါ်ရှိ ၁၃ မိုင်စုပေါင်းဂိတ်( ဂေါ်ဆက်ယန်) ၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း ၊ လဖိုင်ပြည်သူ့စစ်စခန်း ၊ အင်ဝမ့်ယန် နယ်ခြားစောင့်တပ်စခန်း ၊ ဆဒုံးဗျူဟာကုန်း ၊ လုဂျီစစ်စခန်း စသောစခန်းအများအပါအဝင် စခန်းအကြီးအသေး ၁၈ ခုဖြစ်ကြောင်းသိရသည်။ထိုအပြင် ဇွန် ၁၁ ရက် ညနေပိုင်းအထိ စခန်းများရှိ စစ်သား၊ BGF နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်စုစုပေါင်း ၃၀ ကျော်ကိုစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်းလည်းသိရသည်။
ထို့စခန်းများထဲတွင် ခစတ-၁၀၀၃ (၁၉မိုင်စခန်း၊အင်၀မ်ကောင်စခန်း၊ ရေတံခွန်စခန်း၊ လုကြည်စခန်း)၊ ပန်ဝါပြည်သူ့စစ် (အူရော်ဘွမ်စခန်း၊ နာ့ရူဘွမ်စခန်း) စခန်းများရှိစစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များ စခန်းစွန့်သွားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။