အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း အတွက် ဒီနေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပျံလွန် တော်မူခဲ့ရခြင်းအတွက် အထူးပင် စိတ်ထိခိုက် ဝမ်းနည်း ကြေကွဲရတယ်လို့ ဖော်ပြထား ပါတယ်။
ဆရာတော်ဘုရားကြီးက ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ အားထုတ် ကြိုးပမ်း ဆောင်ရွက်နေတဲ့ သာသနာ့အာဇာနည် ရဟန်းတပါး ဖြစ်တဲ့အတွက် ပို၍ပင် ယူကျုံးမရ နှမြောတသဖြစ်မိတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဘုရားသားတော် မြတ်သံဃာများကိုပင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဝံ့တဲ့ အကြမ်းဖက် စစ်တပ်လုပ်ရပ်က ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်လို့ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချတယ်လို့ ယာယီသမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အဖြစ်မှန်ကို တမင်ဖုံးကွယ်ပြီး PDF အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ အပြစ်ပုံချ လိမ်လည်လှည့်ဖျားကာ သတင်းထုတ်ပြန်၊ ပြောဆိုခြင်းကလည်း သံဃာထုနဲ့တိုင်းပြည်ကို ထပ်လောင်း စော်ကားလိုက်ခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလိမ်ညာမှုအတွက် အကြမ်းဖက်စစ်တပ်ရဲ့ အဆင့်ဆင့်သော တာဝန်ရှိသူအားလုံးက အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမယ်”လို့ ယာယီသမ္မတဒူဝါလရှီးလ က သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
တိုင်းပြည်မှာ အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်နေသရွေ့ အခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများနဲ့ဆက်လက် ကြုံတွေ့နေကြရဦးမှာဖြစ်လို့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ပပျောက်ရေးအတွက် ဘာသာပေါင်းစုံ တိုင်းပြည်လူထုတရပ်လုံးနဲ့လက်တွဲ အစွမ်းကုန် ဆက်လက် ကြိုးပမ်း အားထုတ်သွားမှာဖြစ်တာ်လို့ ခိုင်ကျည်စွာ သန္နိဋ္ဌာန်ပြုတယ်လို့ဝမ်းနည်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။