ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာမှာ ရာအိမ်မှူး ၂ ဦး သေစေခဲ့တဲ့ အမှတ် (၉၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်မှု ဖြစ်ပြီးနောက် ရပ်ကွက်ဈေးကို စစ်တပ်နဲ့ လူမိုက်များက ဖျက်ဆီးခဲ့ပြီး အုပ်ကြီး ခင်မောင်ဇင် က မြေ ၈ ပေ ပတ်လည် ကျပ် ၃၅ သိန်းနဲ့ ရောင်းစားဖို့ လုပ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်က ယုဇနဥယျာဉ်အိမ်ရာ၊ (၁၄) လမ်းထိပ်ရှိ (၉၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်မှု ဖြစ်ပွားရာ ရာအိမ်မှူး ဝင်းမြင့်နဲ့ ထွန်းထွန်းဝင်း တို့ သေဆုံးပြီးနောက် တစ်ပတ်ခန့် အကြာ အုပ်ကြီး ခင်မောင်ဇင် က ကံ့ကော်လမ်းဈေးကို ဖျက်သိမ်းဖို့ စစ်ကောင်စီကို စာတင်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
“ဒီကောင် (၉၄) ရပ်ကွက် အုပ်ကြီး ခင်မောင်ဇင်က စသုံးလုံးပြုတ်က လာတာ။ ရပ်ကွက်ရုံး အုံးခံရတုန်းက ဒီကောင်လည်း ရှိတယ်။ ထွက်ပြေးတာမြန်လို့ ဘာမှမဖြစ်ဘဲ ကျန်နေသေးတာ။ ဈေးဖျက်ခိုင်းတာလည်း သူပဲ။ ခုလည်း သူ့ဘာသာ အကွက်တွေရိုက်ပြီး ရောင်းဖို့ အတွက် ဆိုင်ခန်းပိုင်တဲ့ အချို့ကို လိုက်ပြောနေတာ။ သူတို့ ပျူအဖွဲ့က လူတွေက သူတို့ ဘုန်းကြီးကျောင်းမှာ သူတို့ လူစုပြီးနေတာ။ စစ်ခွေးတွေရောက်မှ ရပ်ကွက်ထဲ ဝင်ဟောင်တဲ့ ကောင်တွေ” လို့ သူကပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ အခိုင်အမာ တည်ဆောက်ထားတဲ့ ဈေးဆိုင်ခန်းတွေက တံခါး၊ သွပ်၊ သံတိုင် စတာတွေ ဖြုတ်ယူနေပြီး ကျန်အဆောက်အအုံကို စည်ပင်က ဘူဒိုဇာနဲ့ ဖြိုချခဲ့ကာ လက်တွန်းလှည်း ဈေးသည်တွေ ကိုလည်း ဈေးရောင်းချခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါဈေး ဧရိယာ ကျယ်ဝန်းလို့ ၈ ပေပတ်လည် အကွက်ပေါင်း ၄၀၀ ကျော်ခန့် ရရှိမှာဖြစ်ပြီး မြေကွက်အားလုံး ရောင်းချရပါက ကျပ်သိန်းပေါင်း ၁ သောင်း ၄ ထောင်ဝန်းကျင် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယုဇနဥယျာဉ်မြို့တော် အမှတ် (၉၄) ရပ်ကွက်ရုံး ပစ်ခတ်မှု အတွင်း ရာအိမ်မှူး ဝင်းမြင့်နဲ့ ထွန်းထွန်းဝင်း တို့ သေဆုံးပြီး ရာအိမ်မှူးတွေ ဖြစ်တဲ့ မြင့်ဝေ၊ ဖြိုးကိုကိုမောင်၊ မခင်ဆွေဝင်း၊ အောင်ဝင်း တို့ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။