ရခိုင်ပြည်အတွင်းရှိ မုန်တိုင်းသင့်ဒုက္ခသည်များအား သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးနေသည့် စာရေးဆရာ ဝေဟင်အောင်သားဖအပါအဝင် လူငယ်သုံးဦးကို စစ်ကောင်စီက ယနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စာရေးဆရာဝေဟင်အောင်တို့ အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကုလားချောင်ရွာမှ ဒုက္ခသည်များအား ရေလှူရန်သွားရောက်စဉ် အမြင့်ကျွန်းရွာအနီး၌စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမြင့်ကျွန်းရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
” ဖမ်းသွားတာတော့ စရဖတွေဖမ်းသွားတာပါ။သိရသလောက်တော့ကုလားချောင်းရွာကိုရေသွားလှူကြတာလို့သိရတယ်။ရေဗူးတွေတင်လာတဲ့ကားက တစ်စီး ဆရာဝေဟင်အောင်စီးလာတဲ့ကား က တစ်စီးပါ။ဆရာဝေဟင်အောင်မှာ သမီးလည်းအတူပါလာတယ်လို့သိရတယ်။စစ်တာတော့ ကား နှစ်စီးစလုံး ကျောက်တန်းဂိတ်မှာ အစစ်ခံရတာပါ။စစ်ဆေးပြီးလို့ ဂိတ်ကထွက်လာတာနဲ့ စရဖတွေက နောက်ကနေလိုက်လာပြီး ဖမ်းခေါ်သွားတာပါ။ဘာကြောင့်ဖမ်းတာလဲတော့ မသိပါဘူး “ဟု၄င်းကပြောသည်။
ဆရာဝေဟင်အောင်တို့ကို ဖမ်းဆီးစဉ်က ကျောက်ဂိတ်စစ်ဆေးရေးဂိတ်သို့ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ကြသော်လည်း လက်ရှိတွင် အဆိုပါစစ်ဆေးရေးဂိတ်၌ ရှိ၊ မရှိကို မသိရှိရတော့ကြောင်းလည်း အဆိုပါဒေသခံက ဆက်ပြောသည်။
” ဂိတ်ထဲကိုသွင်းလိုက်တာကိုတော့ မြင်လိုက်ကြပေမဲ့ အဲ့နောက်ပိုင်း စစ်ဆေးရေးဂိတ်ကကားတွေ သွားတာလာတာတွေတော့မြင်တယ်။တခြားနေရာကို ပို့လိုက်တာလား၊ဆက်ရှိနေသေးလားဆိုတာတော့ ကျနော်တို့လည်း သေချာမပြောနိုင်ဘူး” ဟု အမြင့်ကျွန်းဒေသခံကဆိုသည်။
စာရေးဆရာကိုဝေဟင်အောင်သည် စာပေဟောပြောပွဲတခုကို အကြောင်းပြကာ ၂၀၁၈ခုနှစ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြန်လည်လွတ်မြောင်လာသူတစ်ဦးလည်း ဖြစ်သည်။
လက်ရှိကာလတွင်စစ်ကောင်စီအနေဖြင့် နိုင်ငံတကာလူမှုအဖွဲ့အစည်းများကိုလည်း ကူညီခွင့်ပိတ်ပင်ထားသလို မြေပြင်၌ ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတသမားများကိုလည်း တားဆီးပိတ်ပင်မှုများပြုလုပ်လာနေသည်။