ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ် စစ်ရေးရှုံးနိမ့်နေချိန်မှာပဲ ရခိုင်တိုင်းရင်းသားတွေရဲ့စားသောက်ဆိုင်တွေနဲ့အရောင်းဆိုင်တွေမှာသွားရောက်အားမပေးဖို့ လှုံဆော်စာတွေ မန္တလေးမြို့မှာ ဖြန့်ဝေတာတွေရှိလာပါတယ်။
ရခိုင်ဆိုင်တွေ ထွက်သွားဖို့ ၊ ရခိုင်ဆိုင်တွေ ကို အားမပေးဖို့ စတဲ့ လူမျိုးရေး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်စာတွေကို လူအများသွားလာရာနေရာတွေမှာ ကပ်ထားတာတွေ့ရတယ်လို့ မန္တလေးမြို့ ခံအချို့က ပြောပြပါတယ်။
မန္တလေးမြို့ရဲ့ လူစည်ကားရာ မန္တလေးတက္ကသိုလ်အနီးက အဆောင်နေရာတွေ ၊ ၃၅ လမ်းမကြီး တလျှောက် နဲ့ ၄၁ လမ်း ကုန်စိမ်းဈေးနေရာတွေမှာ ဖြန့်ကျက်ကပ်ထားတာတွေ့ရတယ်လို့သိရပါတယ်။
အဲဒီလို လူမျိုးရေး သွေးထိုးလှုံဆော်စာတွေမှာတော့ မန္တလေးမြို့သူ ၊မြို့သားများဆိုပြီး ထည့်သွင်းအသုံးပြု ထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ၊ ကုလားတန်မြစ်အတွင်း စစ်ကောင်စီတပ်ရဲ့ ရေတပ်သင်္ဘော သုံးစီး ရက္ခိုင့်တပ် (AA) ရဲ့ တိုက်ခိုက်မှုခံရပြီးနောက်မှာ ရခိုင်နဲ့ ဗမာတိုင်းရင်းသားတွေကြား လူမျိုးရေး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံဆော်တဲ့ အမုန်းစကားတွေကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွေက ဖြန့်ဝေခဲ့ကြပါတယ်။