ရခိုင်ပြည်နယ်တွင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိပေးအပ်ခွင့်ပြုရန် မြန်မာစစ်တပ်နှင့် တာဝန်ရှိသောလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(မေလ ၂၁ ရက်)တွင် ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်အတွင်းမှ အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အရှိန်မြင့်လာသည့် ယခုအကြမ်းဖက်မှုများကို ရှုတ်ချကြရန်၊ လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် အနာဂတ်တွင် ကြမ်းကြုတ်ရက်စက်မှုများ မဖြစ်ပွားစေရေးအတွက် အကြမ်းဖက်မှုများမှ ရှောင်ပြေးသူများကို အကာအကွယ်ပေးအပ်ကြရန် နိုင်ငံတကာမိတ်ဖက်များကိုလည်း အားပေးတိုက်တွန်းသည်။
အသက်ဆုံးရှုံးရသူများနှင့်ကျန်ရစ်သူများအတွက် တရားမျှတမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန်သာမက ကြမ်းကြုတ်ရက်စက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် အမေရိကန်ပြည်ထောင်စုက ဆက်လက် သံန္နိဋ္ဌာန်ချထားပြီး နှိပ်စက်ကလူပြုမှုများ ကျူးလွန်သည့် စစ်တပ်နှင့် အခြားတာဝန်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ဒဏ်ခတ်အရေးယူသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း မြို့များ မီးရှို့ခံရခြင်းနှင့် ရိုဟင်ဂျာများသာမက ဒေသနေပြည်သူများ အိမ်ယာစွန့်ခွာရခြင်းများအပါအဝင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများအကြောင်း သတင်းများကြောင့် လွန်စွာစိုးရိမ်ကြောင့် ဖော်ပြသည်။
ရခိုင်ပြည်နယ်နှင့် နိုင်ငံအတွင်းရှိ အခြားနေရာများတွင် လူ့အသိုက်အဝန်းများအကြား တင်းမာမှုများကို လှုံ့ဆော်ပေးလေ့ရှိသည့် စစ်တပ်၏ အတိတ်ကလုပ်ရပ်များအပြင် ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး ၎င်းတို့ ယခင်ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် အခြားသောရာဇဝတ်မှုများက ပြည်သူများအတွက် စိုးရိမ်ဖွယ် အန္တရာယ်ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။
လတ်တလောတွင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများက ကြမ်းကြုတ်ရက်စက်သောလုပ်ရပ်များ ယခုထက် ကျယ်ပြန့်စွာ ဖြစ်ပွားလာနိုင်ခြေရှိမှုကိုလည်း ပိုမိုမြင့်မားလာစေကြောင်း အမေရိကန်က ထောက်ပြသည်။