ရခိုင်ပြည်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက သတင်းဖော်ပြသည်။
ဇူလိုင်လ ၁၁ ရက်နေ့ မှစတင်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်နေရာ ၃ ခုမှ နယ်စပ်ဖြတ်ကျော်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံက နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ဒီမှာ ထွက်ပြေးခိုလှုံလာကြတယ်။ လောလောဆယ် ကျွန်တော်တို့ BGB နဲ့ ကမ်းရိုးတန်းစောင့်တပ်ရဲ့ အချုပ်ထဲမှာ ရှိတယ်။ နောက်ပြီး နယ်စပ်တလျှောက် တရားဥပဒေ စိုးမိုးရေး အေဂျင်စီတွေက တပ်လှန့်ထားပါတယ်။”ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင် Adnan Chowdhury က အတည်ပြုပြောဆိုသည်။
ရခိုင်ပြည်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ထွက်ပြေးလျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး၊ ဧပြီ လတွင် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦး၊ ယခု ဇွန်လအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦး ကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ၊ ယခု ဇူလိုင်လ ၁၁ ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထပ်မံ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရှိရသည်။