ရခိုင်တွင် မိမိနေရပ်မှ တစ်ခြားမြို့ရွာ အသီးသီးသို့ စစ်ဘေးရှောင်လျှက် ရှိနေကြဆဲသူများမှာ လက်ရှိ မိုးတွင်းကာလအတွင်း စားဝတ်နေရေး အကျပ် အတည်း ပိုဖြစ်လာနေကြောင်း စစ်ဘေးရှောင်နေကြရသူများဖြစ်သည်။
နေရပ်မှစွန့်ခွာပြီး နီးစပ်ရာများတွင် ကပ်ခိုနေကြရခြင်းဖြစ်၍ မိုးတွင်းကာလ နေထိုင်ရေးမှာ အကျပ်တည်းဖြစ်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“တိုက်ပွဲတွေ မဖြစ်ခင်ကတည်းကနေ မြို့ကရှောင်နေရတာ။ သူများအိမ်တွေမှာ ကပ်ခိုပြီးနေကြရတာ။ တိုက်ပွဲတွေဖြစ်ပြီး အခုချိန်ထိလည်း မြို့ကိုပြန်ဝင်ခွင့်မရသေးတော့ ဒီအတိုင်းပဲဆက်နေကြရသေးတယ်။ စစ်ရှောင်စတုန်းက နွေရာသီဆိုတော့ ဘယ်လိုပဲနေနေ အဆင်ပြေသေးတယ်။ မိသားစုလိုက် ကပ်ခိုနေကြရတာဆိုတော့ အခုမိုးတွင်းမှာက နေရေးထိုင်ရေးတွေ အတော့်ကိုအကျပ်တည်းဖြစ်ရပါတယ်” ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲတွင် စစ်ဘေးရှောင်ရသူများမှာ ယခင်တိုက်ပွဲများ ဖြစ်စဉ်ကဲ့သို့ ယာယီစစ်ရှောင်စခန်းများတွင် ခိုလှုံရခြင်းမဟုတ်ဘဲ မိမိနှင့် နီးစပ်ရာမြို့ရွာများတွင်သာ ကပ်ခို၍ နေထိုင်ကြရခြင်းဖြစ်သည်။
စစ်ရှောင်များအနေဖြင့် မိုးတွင်းကာလတွင် နေထိုင်ရေးအကျပ်အတည်းများအပြင် စားနပ်ရိက္ခာအကျပ်အတည်းများကိုလည်း ပိုကြုံလာကြရသည်ဟု စစ်တွေမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုသည်။
“တစ်မိသားစုလုံးက ဝန်ထမ်းတွေဆိုတော့ တစ်ခြားအလုပ်လည်း သိပ်မလုပ်တတ်ကြဘူး။ အခုစစ်ရှောင်လာတော့ ဝန်ထမ်းကလည်း ထွက်လာကြရပြီလေ။ ပြီးခဲ့တဲ့ လတွေတုန်းကတော့ စားကုန်၊ လူသုံးကုန်ပစ္စည်းတွေ ယူရောင်းတာတွေ လုပ်တယ်။ အခုမိုးတွင်းကျလာတော့ သိပ်ပြီးအဆင်မပြေတော့ဘူး။ မိုးရွာရင် ရောင်းချရမယ့်နေရာကလည်း အဆင်မပြေဘူးလေ။ ဒီမိုးတွင်းကို ထမင်းမငတ်ဘဲ ကျော်ဖြတ်နိုင်ဖို့က တော်တော်ခက်ခဲမယ်ထင်တယ်” ဟု ပြောသည်။
ရခိုင်က စစ်ဘေးရှောင်များကို ယခင်က အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ရရှိရှိခဲ့သော်လည်း လက်ရှိတွင်မူ အဆိုပါအကူညီမှုများ မရရှိတော့ကြောင်း တွေ့ရသည်။
ရခိုင်စစ်ဘေးရှောင်များမှာ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ စသည့် မြို့နယ်မှ အများဆုံးဖြစ်ပြီး ထိုအထဲမှ တချို့မှာ စစ်ရှောင်ကာလ ၅ လမှ ၇ လအထိရှိနေပြီဖြစ်ကြောင်း သိရသည်။