ဇွန်လဒုတိယလပတ်အတွင်း အနောက်တောင် မုတ်သုံလေ ဆက်လက်အားကောင်းပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းအပါအဝင် ဒေသငါးခု မိုးကောင်းနိုင်ပြီး ရေကြီး၊ ရေလျှံမှုနှင့်မြေပြိုဘေးသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က သတိပေးသည်။
ဇွန်လ ၁၂ရက်မှ ဇွန်လ ၁၆ရက်အတွင်းရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မွန်ပြည်နယ်နှင့် တနင်္သာရီဒေသများတွင် မုတ်သုံမိုးဆက်လက် သည်းထန်နိုင်ကြောင်း သတိပေးထားသည်။
ပြီးခဲ့သည့် ဇွန်လဆန်းက ရခိုင်၊မွန်၊ကရင်ပြည်နယ်တို့၌ မိုးကောင်းခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ရေကြီး ရေလျှံမှုဖြစ်ပွားနေသည်။ ထိုဒေသများ၌ မိုးဆက်လက်ရွာပါက ရေဘေးအန္တရာယ်သတိပြုရန်လိုအပ်လာပြီဟု မိုးလေဝသဆိုင်ရာလေ့လာသူများက သတိပေးသည်။
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင်လည်း မိုးကောင်းနေသည်။
မိုးကြောင့် ဒေသတွင်းလမ်းပိုင်းအချို့ ပျက်စီးပြီး လမ်းပိတ်ဆို့နေသည်။ တာချီလိတ်-မိုင်းဆတ်လမ်း နေရာအချို့၌ လမ်းပိုင်းပျက်စီးမှုများရှိနေပြီ ကုန်တင်ကားအချို့တိမ်းမှောက်ကာ လူ သေဆုံးမှုဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မေလနောက်ဆုံးပတ်က အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဝင်ရောက်ခဲ့သည့် Remal ဆိုင်ကလုံး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများစုမိုးကောင်းခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ချီဖွေမြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့ပြီး ချီဖွေမြို့တွင် ရေဘေးကြောင့် လူတစ်ဦးသေဆုံးခဲ့သည်။