စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာလို့ တရွာလုံး ထွက်ပြေးနေရတဲ့ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ မနက်မှာမီးထပ်ရှို့ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရငဲရွာ၊ အင်းဘူးအပိုင်းထဲက နေအိမ်လေးဆောင်ထက်မနည်းကို ဒီကနေ့မနက် ၉နာရီခွဲလောက်က မီးရှို့နေတယ်လို့ ကနဦး သိထားရပါတယ်။
“ပထမနှစ်ဆောင်ကတော့ပြာကျသွားပြီး။ နောက်ထပ် နှစ်ဆောင်လည်းထပ်လောင်နေတယ်။ မီးခိုးတွေအဝေးက မြင်နေရတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
နောက်ထပ်လည်းနေအိမ်တွေကို မီးထပ်ရှို့နေတယ်လို့ဒေသခံကဆိုပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ရငဲရွာထဲကို အခုလ ၈ ရက်နေ့ကတည်းက ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ နေအိမ်အချို့ကို မီးရှို့ခဲ့တာပါ။
ဒီကနေ့ ထပ်မံ မီးရှို့ခံရတာက နေအိမ် လေးဆောင်အနည်းဆုံးရှိနိုင်ပြီး အခုလ ၁၁ ရက်နေ့ကလည်း နေအိမ်နှစ်ဆောင်မီးရှို့ခဲ့တာကြောင့် ရွာထဲ စစ်ကြောင်းဝင်တဲ့ ၉ရက်အတွင်းမှာ ရငဲရွာက ဒေသခံတွေရဲ့နေအိမ်အနည်းဆုံး နေအိမ် ၆ ဆောင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဒေါင်းမင်းအဖွဲ့ပြန်ကြားရေးတာဝန်ခံကတော့ “သူတို့ အခုထိ ရငဲရွာတဝိုက်မှာ ရှိနေဆဲပါ။ အင်အားကတော့ ၄၀ ဝန်းကျင်လောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်” လို့တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
ရငဲရွာမှာတော့ တစ်ရွာလုံးစစ်ဘေးရှောင်နေရတာမို့ အိမ်ရှင်တွေ မရှိတဲ့ ရွာထဲက နေအိမ်တွေနဲ့ စျေးဆိုင်တွေကို စစ်ကောင်စီတပ်သားတွေက မွှေနှောက်ဖျက်ဆီးတာ၊ တန်ဖိုးရှိပစ္စည်းနဲ့ ကား၊ ဆိုင်ကယ်တွေကိုပါ ယူဆောင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်တာနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ကနက်သီရိနဲ့ ရငဲ ရွာအပါအဝင် ကျေးရွာ ၁၁ခုလောက်က ဒေသခံတွေ နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။