ရန်ကုန် လမ်းမတွေပေါ်က မီးပွိုင့်တွေမှာ စစ်ကောင်စီတပ်နဲ့ အတူ ယာဉ်ထိန်းရဲမေတွေ ကားသမားတွေထံက ပိုက်ဆံ တောင်းခံနေတယ်လို့ မြို့ခံ ယာဉ်မောင်းတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းစဉ် ရဲ၊ စစ်သားနဲ့ ယာဉ်ထိန်းရဲတွေ စုပေါင်းပြီး ကားများကို စစ်ဆေးနေ သလို အရင်က ယာဉ်ထိန်း အမျိုးသားများကသာ ပိုက်ဆံ တောင်းနေရာက အခု ယာဉ်ထိန်းရဲမေတွေပါ ပိုက်ဆံ နည်းမျိုးစုံနဲ့ တောင်းယူမှုတွေ ရှိလာတယ်လို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
“ဒီနေ့မနက် ကြည့်မြင်တိုင် အရိုး ဂတ်စ်ဆိုင်နားမှာ ခွေးဘဲဥ ၂ ကောင် အစာကောက်ဖို့ ချောင်းနေတယ်။ ဗိုလ်တထောင်ဘုရားလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ကားစစ်ပြီး ငွေညှစ်နေတယ်။ ဗိုလ်ချုပ်လမ်းပေါ် သိမ်ဖြူပွိင့် အကျော်၊ ၄၅ လမ်းထိပ်က အများသုံး အိမ်သာရှေ့ ကားဖမ်း ငွေညှစ်နေတယ်။ ဘဲဥ saloon တစ်စီး (6N – 9166) နဲ့ ဘဲဥ ပွိုင့်ဆိုင်ကယ် ၂ စီးရှိတယ်။ အနော်ရထာပေါ် ၃၉ လမ်းနဲ့ ဆိပ်ကမ်းသာကြားမှာ ဘဲဥ စလွန်းကား ရပ်ပြီးတော့ ဘဲဥ တစ်ကောင်က အောက်ဆင်း၊ ဟိုကြည့်ဒီကြည့် ချောင်းနေတယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းကလည်း ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းပေါ်ရှိ နာနတ်တော ဂုံးတံတားနဲ့ လှည်းတန်းဘက် အသွားမှာ ကားများနဲ့ စက်ဘီးတွေပါ စစ်ဆေးမှု လုပ်နေပြီး အိမ်စီးကားတွေကို ခုံတွေလှန်စစ် နေတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီက ဖောင်းကြွနံပါတ်ပြား မတပ်ဆင်တဲ့ ကားတွေကို တရားဝင် ငွေဒဏ် ၅ ထောင်ကျပ် သတ်မှတ်ထား ပေမယ့် ယာဉ်ထိန်းရဲတွေကို အနည်းဆုံး တစ်သောင်းကျပ်မှ အများဆုံး ၅ သောင်းကျပ်အထိ လာဘ်ထိုး နေရတယ်လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။