ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ စက်ရုံများအနေဖြင့် ပြင်ပမှ စက်သုံးဆီ မဝယ်ရန်နှင့် ဆီ တစ်ပတ်စာ ပို၍ မစုဆောင်းရန် စစ်ကောင်စီက ညွှန်ကြားလိုက်ပြီး ညွှန်ကြားချက် မလိုက်နာလျှင် အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း စက်မှုဇုန်များမှ လုပ်ငန်းရှင်တချို့က ပြော ဆိုသည်။
စစ်ကောင်စီက စက်ရုံများအတွက် စက်သုံးဆီ တင်သွင်းမှုများသူများကို ဗဟိုဘဏ် သတ်မှတ်စျေးဖြင့် ဒေါ်လာ ရောင်းချပေးမှု ရပ်နားပြီးနောက် စက်ရုံအများစုက ဆီခွဲတမ်း နည်းပါးသဖြင့် ပြင်ပမှ စက်သုံးဆီများကို စျေးကောင်းပေး၍ ဝယ်ယူကြကြောင်း၊ ထို့ကြောင့် စက်ရုံများအနေဖြင့် ပြင်ပ စက်သုံးဆီများ မဝယ်ယူကြရန်၊ စက်ရုံတွင်လည်း စက်သုံးဆီများ တစ်ပတ်စာထက်ပို၍ သိုလှောင်ခြင်းများ တွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
စက်ရုံများအနေဖြင့် စက်မှုဇုန်ကော်မတီများနှင့် စစ်ကောင်စီထံမှ ထောက်ခံချက်ဖြင့် ဆီ ဝယ်ရမည်ဖြစ်ပြီး စက်သုံးဆီများကို တစ်ပတ်စာ လုပ်ငန်း လည်ပတ်ရန်အတွက်သာ ဝယ်ယူထားရန် စစ်ကောင်စီ၏ စက်သုံးဆီ စစ်ဆေးရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရှိရသည်။
ထို့ပြင် စက်သုံးဆီကို စက်မှုဇုန်ကော်မတီနှင့်စစ်ကောင်စီထံမှ ဆီဝယ်ယူရန် တောက်ခံချက် မလျှောက်ထားဘဲ ပြင်ပမှ ဝယ်ယူမည်ဆိုပါကလည်း ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။
“ရန်ကုန်က စက်မှုဇုန်လုပ်ငန်းရှင်တွေ စိတ်ညစ်နေကြပြီဗျ။ စက်သုံးဆီရဖို့ စက်မှုဇုန် ထောက်ခံချက်နဲ့ တစ်ပတ်စာပဲ လျှောက်ပြီး ဝယ်ထားရမယ်။စက်ရုံကြည့်လို့ တစ်ပတ်စာထက် ပိုရင် အရေးယူမယ်။ တချို့စက်ရုံတွေက လျှောက်ရတာခက်ခဲလို့ မလျှောက်တော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝယ်သုံးရင်လည်း အရေးယူမယ်လို့ ကြေညာနေပြန်ပြီ” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်တွင် စက်မှုဇုန်အားလုံးတွင် စက်ရုံအများစု ဆီမရ၍ ရပ်နားထားပြီး လုပ်ငန်းလည်ပတ်နေသည့် စက်ရုံမှာ ၂၅ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း၊ စစ်ကောင်စီက တင်းကျပ်မှုများနှင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ လည်ပတ်နေသည့် စက်ရုံ ၂၅ ရာခိုင်နှုန်းအောက်မှာလည်း မကြာမီ ရပ်ဆိုင်းသွားလိမ့်မည်ဖြ်စကြောင်း စက်မှုလုပ်ငန်းရှင်များက ပြောဆိုကြသည်။