ရန်ကုန်မြို့တွင် စက်သုံးဆီ အလုံအလောက်ရှိနေသည်ဟူ၍ စစ်ကောင်စီက လိမ်ညာနေခြင်းဖြစ်ပြီး ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်း၍ အကန့်အသတ်ဖြင့်သာဝယ်ရသောကြောင် မှောင်ခိုစျေးကွက်ဖြစ်ပေါ်လာကြောင်း မော်တော်ယာဥ်အသုံးပြုသူများက ပြောသည်။
ယနေ့(နိုဝင်ဘာ ၁၅ ရက်) တွင်မှောင်ခိုဈေးကွက်တွင် 92 တစ်လီတာ ၃,၅၀၀ ကျပ်၊95 တစ်လီတာ ၄,၄၀၀ ကျပ်အထိ ဈေးတက်လာကြောင်းယာဥ်မောင်းများကပြောသည်။
“ဒီနေ့နဲ့ဆို လေးရက်ရှိပြီဗျာ။ ၁၁ ရက်နေ့ကတည်းက ဆီကို နာရီနဲ့ချီစောင့်ပြီးထည့်ရတာ။အချိန်မရတဲ့သူတွေ နဲ့ အရေးပေါ်ကိစ္စရှိတဲ့သူတွေက တော့ မှောင်ခိုစျေးကွက်နောက်လိုက်ထည့်ရတာပေါ့။တကယ်သာ အရံဆီတို့ ဘာတို့ရှိတယ်ဆို တစ်ရက်၊နှစ်ရက် နဲ့ ပြီးသွားမယ့်ကိစ္စပဲ အခုက လိမ်နေတာ အသိသာကြီး ဖြစ်နေပြီ”ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။
ထို့အပြင် ဆီဆိုင်တိုင်းတွင်လည်း လိုသလောက်ဆီ ထည့်ခွင့်မပေးဘဲ တစ်စီးလျှင် ကျပ်ငါးသောင်းဖိုးသာ ဝယ်ယူခွင့်ပြုနေသည်။
“ပိုက်ဆံရှိတိုင်းလည်း ထည့်ချင်တိုင်း ထည့်မရဘူးလေ။အခြေအနေကတော်တော်ဆိုးတယ် တစ်နာရီကျော်လောက်တန်းစီပြီးမှ သူတို့သတ်မှတ်တဲ့ပမာဏအတိုင်းထည့်ရတာ”ဟု မရမ်းကုန်းမြို့နယ်မှ ယာဥ်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
ယခုကဲ့သို့ အခြေခံစက်သုံးဆီများ ပြတ်လပ်မှုသည် လက်ရှိမြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလ နှင့်တိုက်ဆိုင်နေသည်မှာ သံသယဖြစ်ဖွယ်ရှိပြီး စစ်ကောင်စီက လူထုကြပ်တည်းမှုများဖြစ်ပေါ်ရန် ဖန်တီးခြင်းဟု သုံးသပ်မှုများလည်းရှိနေသည်။
“အရန်ဆီတစ်လ စာရှိပြီးသားဆိုရင် အခုလို ရက်ရှည်ဖြစ်နေစရာ အကြောင်းမရှိဘူးလေ။ပြီးတော့ စက်သုံးဆီဆိုင်တွေကိုလည်း ခွဲတမ်းလျော့လိုက်တာလည်း သဘောရိုးမဟုတ်ဘူး။တစ်နိုင်ငံလုံးနီးပါးက ရန်ကုန်ကနေပြီးမှ စက်သုံးဆီစီးဆင်းရတာလေ။ အခုလိုမျိုးဖြစ် နေတာကိုက စစ်ကောင်စီရဲ့အသုံးချမှုလို့ပဲ ပြောရမှာမျိုးဖြစ်နေပြီ”ဟု စက်သုံးဆီအသိုင်းအဝိုင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
လက်ရှိ စက်သုံးဆီပြတ်လပ်မှုအပေါ်စစ်ကောင်စီ ၏ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ် ဇော်မင်းထွန်းကမူ ဆီအလုံ လောက်အလောက်ရှိပြီး၊ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာဆီပြတ်လပ်မှုရှိသည်မှာ ကောလဟလ ဖြစ်ပြီး မည်သည့်စက်သုံးဆီ အမျိုးအစားကိုမဆို တစ်လအရန်ရှိအောင်အမြဲတမ်းဆောင်ရွက်နေကြောင်း မကြာသေးမီရက်ပိုင်းက ပြောဆိုထားသည်။