ရန်ကုန်တိုင်းစစ်ကောင်စီဝန်ကြီးချုပ် စိုးသိန်းက ပြည်သူ့ရင်ပြင်တွင် အိမ်တွင်း စက်မှုလက်မှု စျေးရောင်းပွဲဟုဆိုကာ ၃ ရက်ကြာ ကျင်းပလျက်ရှိပြီး စီးပွားရေး သမားများ၊ ကျောင်း သားကျောင်းသူများနှင့် ဝန်ထမ်းများကို မလာမနေရ ဖိအားပေး ဆင့်ခေါ်နေကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းစစ်ကောင်စီက ဩဂုတ်လ ၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ မိုးတွင်းကာလ ပြည်သူ့ရင်ပြင်တွင် အိမ်တွင်း အသေးစားစက်မှုလက်မှု စျေး ရောင်း ပွဲ ပြုလုပ်ခိုင်းကြောင်း၊ ရန်ကုန်တိုင်း မြို့နယ် အသီးသီးရှိ အိမ်တွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းများဖြစ်သည့် အစားအသောက်၊ လူသုံးကုန် ပစ္စည်း၊ တိုင်းရင်းဆေး ၊ မီးဖိုချောင်သုံး ပစ္စည်း၊ တစ်ရှူးလုပ်ငန်း၊အဝတ်အထည် စသည့် လုပ်ငန်းများ၊ လျှပ်စစ်ကား တင်သွင်းသူများကို မဖြစ်မနေ လာရောက် ရောင်းချခိုင်း ကြောင်း သိရှိရသည်။
ထို့ပြင် စျေးရောင်းပွဲတော် စည်ကားစေရေးအတွက် ရန်ကုန်တိုင်းအတွင်းှရိ ဌာဆိုင်ရာဝန်ထမ်းများ၊ ကောလိပ်နှင့်တက္ကသိုလ်၊ ပညာရေးကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ သူနာပြုတက္ကသိုလ်မှ ကျောင်းသူများကို စျေးရောင်းပွဲသို့ မဖြစ်မနေ လာရောက် ကြည့်ရှုရန်၊ ဩဂုတ်လ ၄ ရက်နေ့မှ ဩဂုတ် ၆ ရက်နေ့အထိ ရက်အလိုက် လူအင် အား ၅၀ ဦး မှ ၁၀၀ ဦးထိ ကားကြို့ပို့စီစဥ်ပေးကြောင်း၊ မြို့နယ်တိုင်းကလည်း လူအင်အား ၃၀ ဦးမှ ၄၀ ဦး လာရောက်ရန် ဖိအားပေးကြောင်း သိရှိရသည်။
“မိုးတွင်းကြီး လူတွေကို ဒုက္ခပေးတာ။ မစည်ကားတာကို စည်ကား အောင် ဆိုပြီး ကားတွေ ကြို့ပို့တွေ စီစဥ်ပေးတယ်။ ဖွင့်ပွဲအတွက်ဆိုပြီး မြို့နယ်တွေက အိုးစည်ဒိုးပတ်ဝိုင်းတွေစီစဥ်လာရတယ်။ ဒီနေ့ ဖွင့်ပွဲကို မနက်၈နာရီခွဲ ပညာရေး ကောလိပ်တွေက သင်တန်းသားဆရာမ အင်အား ၃၀၀၊ ၄၀၀ ကို မဖြစ်မနေ တက်ခိုင်းတယ်။ ချောဆွဲထားတဲ့ကားတွေနဲ့ ကျောင်းပေါင်းစုံ ဘင်ခရာဝိုင်း တွေမလာမနေရခေါ်တယ်။ အားကာသိပ္ပံ သင်တန်းသား၊ သင်တန်းသူတွေ မလာမနေရခေါ်တယ်။ ဌာနပေါင်းစုံကဝန်ထမ်းတွေ မလာမနေရခေါ် တော့တာပဲ” ဟု ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက တိုင်းနှင့်ပြည်နယ်များတွင် လူထု၏ နိုင်ငံရေး စိတ်အာရုံကို ပြောင်းလဲစေနိုင်မည့် ပျော်ပွဲ ရွှင်ပွဲများ၊ စျေးရောင်းပွဲများ၊ စတိတ် ရှိုး များ ကျင်းပရန် သက်ဆိုင်ရာ စစ်ကောင်စီများကို ညွှန်ကြား ထားကြောင်း သိရှိရသည်။