ရန်ကုန်တိုင်းစစ်ဌာန၏ တပ်ရင်း ၅၁၀၂ ကိုထပ်မံဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်မည်ဟု ရန်ကုန်တိုင်းစစ်ဌာနက ကြေညာလိုက်သည်။
ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း စစ်ဌာနအနေဖြင့် တပ်ရင်း ၅၁၀၂ ကို ထပ်မံဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“တပ်ရင်း၅၁၀၂ မှ မဟုတ်ပါဘူး ရန်ကုန်တပ်ရင်းတွေ အားလုံးရည် ရည်မှန်း ချက်ပန်းတိုင်က ရန်ကုန်ပါပဲ။ ဒါပေမယ့် ဟိုးအစက ပြောခဲ့သလိုပဲ ကျွန်တော်တို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တယ်၊ တပ်ဖြစ်တဲ့အတွက် ကျရာနေရာမှာ တာဝန်ထမ်းဆောင်ရတယ်။ ရန်ကုန်နဲ့အနီးစပ်ဆုံးမှာလည်းရှိနေပြီးသားဖြစ်တယ်။ ပြီးတော့ ရည်မှန်းချက်ဖြစ်တဲ့ ရန်ကုန်ကိုရောက်ဖို့ ကျွန်တော်တို့ တာဝန်ကျရာနေရာကနေ တရွေ့ရွေ့ချဉ်းကပ်သွားမှာပါ” ဟု ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။
ရန်ကုန်တိုင်း စစ်ဌာနသည် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ကလည်း တပ်ရင်း ၅၁၀၁ ကိုဖွဲ့စည်းထားပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီလုပ်ဆောင်နေကြောင်း၊ ထို့ပြင် မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များနှင့် စစ်ဆင်ရေးနယ်မြေအသီးသီးတွင် ပူပေါင်းတိုက်ပွဲဝင်နေကြောင်း သိရသည်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုစတင်ဖွဲ့စည်း၍ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတစ်ဝန်းရှိ စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရန် လမ်းညွှန်ခဲ့ပြီး နိုင်ငံအနှံ့အပြားတွင် တပ်ရင်း ပေါင်းများစွာ ဖွဲ့စည်းကာလုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။