ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီး မသင်္ကာသော လှုပ်ရှားမှုမှန်သမျှကို စစ်တပ်နှင့်ရဲများထံသို့ သတင်းပေးရန် စည်းရုံးထားကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဆိုင်ကယ်ကယ်ရီ သမားများကို ဆင့်ခေါ်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင် ဆိုင်ကယ် စီးခွင့်မရှိသကဲ့သို့ ကယ်ရီလည်း ဆွဲခွင့်မရှိကြောင်း၊ သို့ရာတွင် ဆိုင်ကယ်ကယ်ရီသမားများအတွက် အထူးခွင့်ပြု ချက်ဖြင့် ကယ်ရီများ ဆွဲခွင့်ပေးမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်ကယ်ရီသားများသည် ပြည်သူ့လုံခြုံရေးအဖွဲ့များ အဖြစ် ဖွဲ့စည်းရမည်ဖြစ်ပြီး မသင်္ကာသော လှုပ်ရှားမှုမှန်သမျှကို စစ်တပ်နှင့်ရဲ အပါအဝင် တာဝန်ရှိသူများထံ ချက်ချင်း အကြောင်းကြားရမည်ဖြစ်ကြောင်း သိရှိရသည်။
“မြို့ပေါ်က ဆိုင်ကယ်ကယ်ရီသမားတွေကို ထွေအုပ်ရုံးနဲ့ သက်ဆိုင်ရာ ရပ်ကွက်ရုံး တွေမှာ စစ်တပ်က မင်းတို့ဆိုင်ကယ်တွေကို တရားဝင်လိုင်စင်လုပ်ပေးမယ်။ မဖမ်းဘူး။ ငါတို့ကို မသင်္ကာတဲ့သူမှန်သမျှသတင်းပေးရမယ်။ ပြည်သူ့လုံခြုံရေး အဖွဲ့ဖွဲ့ပေးမယ် ဆိုပြီး စည်းရုံးပြောဆိုမှုတွေရှိနေပါတယ် ။ တစ်နည်းအားဖြင့် ပြည်သူ့စစ်ဖွဲ့ဖို့တစ်ဖက်လှည့်နဲ့ စည်းရုံးနေသလို ပရဟိတအသင်းတွေထဲကိုလည်း သူတို့လူတွေ ထည့်နေတယ်” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော သာကေတ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ အပါအဝင် မြို့နယ်များရှိ ဆိုင်ကယ်ကယ်ရီသမားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် စစ်ကောင်စီက ဖွဲ့စည်းပေးပြီးပြီဖြစ်ကြောင်း သိရှိရသည်။