ရန်ကုန်တွင် ရှစ်လေးလုံး စစ်အာဏာရှင် တော်လှန်ရေး ၃၅ နှစ် ပြည့် အဖြစ် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာပါက အကြမ်းဖက် ဖြိုခွင်းရန် စစ်ကောင်စီ က ရန်ကုန်မြို့တော်တစ်ဝန်းတွင် လုံ ခြုံရေးများ အထူးတင်းကျပ် ထားကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီ သတင်း ရင်းမြစ်ထံမှ သိရှိရသည်။
ယနေ့ ဩဂုတ်လ ၈ ရက်နေ့ စစ်အာဏာရှင် တော်လှန်ရေး ရှစ်လေးလုံး လူထု အုံကြွမှု အရေးတော်ပုံကြီး ၃၅ နှစ်ပြည့်အဖြစ် တက္ကသိုလ်၊ စာသင်ကျောင်းများ၊ လူစည်ကားရာ လမ်းဆုံများ၊ ကားမှတ်တိုင်များတွင် ပန်းခွေချ အလေးပြုခြင်း၊ ဆန္ဒပြခြင်း စသည့် အထိမ်းအမှတ်အဖြစ် ချီတက်မှုများ ပြုလုပ်လျှင် ချက်ချင်း ဖြိုခွင်းရန် စစ်ကောင်စီက ရန်ကုန်မြို့တစ်ဝန်း လုံခြုံရေးများ တင်းကျပ် ထား ကြောင်း၊ ကင်းပုန်းများ ဝပ်ခြင်း၊ CCTV များဖြင့် ရန်ကုန်မြို့ လမ်းဆုံလမ်း ခွများကို စောင့်ကြည့်မည်ဖြစ်ကြောင်း၊ နံနက် ၄ နာရီမှ စတင်၍ ဩဂုတ်လ ၈ ရက်နေ့ တစ်နေ့လုံး လုံခြုံရေး တင်းကျပ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
“၈၈၈၈ အထိမ်းအမှတ်ကို ကျောင်းတွေ၊ လူစည်ကားရာလမ်းဆုံတွေမှာ ပန်းခွေချ အလေးပြုခြင်း စတဲ့အထိမ်းအမှတ်ပွဲလုပ်မယ့် သတင်းတွေ ရထား လို့ဆိုပြီး မြို့နယ်တိုင်းမှာရှိတဲ့ ကျောင်းတွေ၊ လူစည်ကားရာလမ်း ဆုံလမ်း ခွ မီး ပွိုင့် တွေမှာ လုံခြုံရေးချ ကင်းပုန်းဝတ်ဖို့ ရန်ကုန်တိုင်းစစ်ကောင်စီက မြို့နယ် အားလုံးကို လုံခြုံရေး တင်းကျပ်ဖို့ ညွန်ကြားထားပါတယ်။ ဒီမနက် ၄ နာရီ ကစပြီးလုံခြုံရေး တင်းကျပ်ဖို့ ညွှန်ကြားထားပြီး မြို့နယ်တိုင်း ရဲခွေးတွေ နဲ့ ရပ် ကွက်အုပ်ကြီးတွေ၊ အုပ်ချုပ်ရေးအဖွဲ့ကို တာဝန်ချထားတယ်။ သပိတ် လုပ် မယ့် လူငယ်တွေ ကျောင်းသားတွေ သတိထားဖို့ပါ” ဟု ရန်ကုန်တိုင်း စစ်ကောင်စီ သတင်းရင်းမြစ်က ဆိုသည်။
၁၉၈၈ ခုနှစ် ဩဂုတ်လတွင် ရှစ်လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဖြင့် ပြည်သူများအားလုံး စစ်အာဏာရှင် စနစ်ကို အံတု အလိုမရှိကြောင်း ချီတက် သပိတ်မှောက်ခဲ့ကြပြီး ယင်းအချိန်က အာဏာရှင် မဆလ နေဝင်းအစိုးရက ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းဖြင့် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးကို ဖြိုခွင်း ခဲ့သည်။