လွတ်လပ်ရေးနေ့တွင် နေအိမ်ရှေ့၌ အလံများမဖြစ်မနေတပ်ဆင်ရန် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက် ဖိအားပေးနေကြောင်း ရန်ကုန်မြို့နေပြည်သူများက ပြောသည်။
အလံများမတပ်ဆင်ပါက ဒဏ်ငွေပေးဆောင်ရ မည်ဟုလည်း ခြိမ်းခြောက်ခံနေရသည်ဟု ဆိုသည်။
“လွတ်လပ်ရေးနေ့ အိမ်ရှေ့မှာ အလံမတွေ့ရင် ဒဏ်ငွေ ငါးသောင်းပေးရမယ်လို့ ပြောတယ်။နောက်ပြီး သူတို့ (ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ)လိုက်စစ်မယ်လို့ လည်း လာပြောတယ်”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကိုတူးက ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အလံများကို လာရောက်ဝယ်ယူရန်လည်း တိုက်တွန်းခံထားရသည်စုလည်း အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း အသိပေးသည်။
“အလံတစ်ခု ၃,၅၀၀ နဲ့ဝယ်ရမယ်တဲ့။ပြီးတော့ မတပ်ရင် ဒဏ်ကြေးဆောင်ဖို့ပါ ပြောတယ်”ဟု ၎င်းက ရှင်းပြသည်။
၂၀၂၄ ဇန်နဝါရီ ၄ ရက်တွင် ကျရောမည့် လွတ်လပ်ရေးနေ့သည် (၇၆)နှစ်မြောက်ဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲများဖြစ်ပွားနေပြီး အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ရခိုင်ပြည်နယ်နှင့် ကရင်နီပြည်နယ် တို့တွင် စစ်ကောင်စီတပ်များ စစ်ရှူံးလျက်ရှိသည်။