ရန်ကုန်မြို့တွင် အင်းစိန်မြို့မရဲစခန်း၊ အင်းစိန်ထောင်ဂိတ်အမှတ် ၂ ၊ မြောက်ဥက္ကလာစည်ပင်ရုံး၊ သာကေတ၊ ပြည်သူ့ရင်ပြင်ရှိ စစ်တပ်ဂိတ်တို့ကို ယနေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး သေနတ် ပစ်ခတ်သံများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသပြည်သူများက ပြောဆိုကြသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ အင်းစိန်မြို့မရဲစခန်းနှင့် အင်းစိန်အကျဉ်းထောင် ဂိတ်အမှတ်၂တို့ကို ချိန်ကိုက်မိုင်းများအသုံးပြုပြီး တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း KMD18- အမဲလိုက်သမား (Hunter Unit)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုအပြီး ထိခိုက်မှုအခြေအနေများအားစုံစမ်းနေဆဲဖြစ်ကြောင်း၊ မစ်ရှင်ပြီးဆုံးပြီး နောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၊ ယခုစစ်ဆင်ရေးကို KMD18- အမဲလိုက်သမား (Hunter Unit)မှ မြောက်ပိုင်းညီနောင်သုံးဖော်၏ ၁၀၂၇စစ်ဆင်ရေးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်နေသော မြို့သိမ်းစစ်ဆင်ရေးများကို ထောက်ခံကြိုဆိုပြီး ပူးပေါင်းအား ဖြည့်ဆောင်ရွက်ခဲ့ခြင်းဖြစ်=ကြောင်း သိရှိရသည်။
KMD18အင်အားစုအနေဖြင့် တော်လန်ရေးမဟာမိတ် ညီနောင်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့က ပြောဆိုသည်။
အလားတူ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ် စည်ပင်ရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု အရပ်ဝတ် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာ ပကဖ တပ်ဖွဲ့ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ပြည်သူများ တိုင်ကြားမှုများလာသော မြောက်ဥက္ကလာ စည်ပင်ရုံးကို ပြည်သူ့ကာကွယ်ရေး တပ်ခွဲ ၂ က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အရပ်ဝတ် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” မြောက်ဥက္ကလာ စည်ပင်ရုံးကို ဖောက်ခွဲ တိုက်ခိုက်တာ အရပ်ဝတ်နဲ့ ခွေး ၂ ကောင် ထိခိုက်ဒဏ်ရာရတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး” ဟု မြောက်ဥက္ကလာ ပကဖ တပ်ဖွဲ့ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုသည် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဆက်လက်၍ မြောက်ဥက္ကလာမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ဒေါက်တိုင်မှန်သမျှကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
ထို့ပြင်ယနေ့ညပိုင်း သာကေတမြို့နယ်တွင် ပစ်ခတ်သံများနှင့် ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြပြီး အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။