ရန်ကုန်မြစ်အတွင်း စစ်တပ်၏ လေယာဉ်ဆီတင်သင်္ဘောကို ယနေ့ နံနက်အစောပိုင်း ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ဟု ရန်ကုန်တိုင်းပကဖက တရားဝင် ကြေညာလိုက်သည်။
ယနေ့ မတ်လ ၁ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် ရန်ကုန်မြစ်အတွင်းမှ စစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး လေယာဉ် ဆီချရန် စောင့်ဆိုင်းနေသော Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ချိန်ကိုက်TNT မိုင်း အသုံးပြု၍ ပေါက်ကွဲမှုဖြစ်စေရန် မစ်ရှင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
“ဒီသင်္ဘောက လွန်ခဲ့တဲ့ ၂ ရက် လောက်တည်းက မြစ်ဝရောက်နေတာ။ အရင်က သီလဝါကိုပဲ ကပ်နေတဲ့ လေယာဥ်ဆီတင်သင်္ဘောတွေ ထီးတန်းဘက် လာကပ်မယ်လို့ ကြိုသတင်းရထားတာ။ ဒါကြောင့် သင်္ဘောရောက်လာကတည်းက အချိန်ယူပြင်ဆင်ပြီး ရေငုပ်ကျွမ်းကျင်ရဲဘော်တွေက မစ်ရှင်ဖော်ဆောင်ဖို့ စောင့်နေခဲ့ကြတာ။ မနေ့က ၂၉ ရက်နေ့ည ၈နာရီလောက်မှာ ဒီမစ်ရှင်အတွက် စနစ် တကျပြင်ဆင်စေလွှတ်ပြီး သင်္ဘောပေါ်တက် ချိန်ကိုက်မိုင်း TNT 1Kg ကို အငွေ့ ကန်နား ထားခဲ့နိုင်ပါတယ်။ လုံခြုံရေးတွေ သတိမပြုမိအောင်ရယ် ကိုယ့်လူတွေ Safety ဖြစ်အောင်ရယ် အချိန် ၅ နာရီလောက် Timer ပေးခဲ့ရတာပါ။ ည ၁ နာရီ၄၅ လောက်မှာ ပေါက်ကွဲအောင် ထားခဲ့တာ။ ဆီကန် ၇ ကန်ရှိတဲ့အထဲက အငွေ့ကန်ကို ကပ်နိုင်အောင် ပညာရှင်တွေနဲ့သေချာတိုင်ပင်ပြီး ခက်ခဲစွာ ကြိုး စား ခဲ့ရတာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိတွင် တော်လှန်ရေးရဲဘော်များ လုံခြုံစိတ်ချရသည့် နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
“ရဲဘော်တွေ လုံခြုံစိတ်ချရတဲ့နေရာ ရောက်မှ သတင်းထုတ်ပြန်မှုလုပ်ရခြင်းဖြစ်ပါတယ်။ အခု မစ်ရှင်ကြောင့် စကစ ဟာ အထိနာခဲ့ပြီး လေယာဥ်ဆီပြတ် လပ်မှုဖြစ်သွားနိုင်လို့ တော်လှန်ရေးအင်အားစုတွေ လုပ်စရာရှိတာ အားစိုက်လုပ်ကြဖို့ အရေးကြီးကြောင်းတိုက်တွန်းထားပါတယ်။အဆိုပါ မီးလောင်ပေါက် ကွဲတဲ့သင်္ဘောကို မနက် ၄ နာရီကျော်မှာတွန်းသင်္ဘောနဲ့ ရန်ကုန်မြစ်ဝဘက်ဆွဲသယ်ပြီး အစဖျောက်ထားတယ်လို့ သိရပါတယ်” ဟု ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူက ရှင်းပြသည်။