ရန်ကုန်မြို့ ရန်ကင်းရဲစခန်းအနီး အပါအဝင် မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံတို့တွင် ယနေ့ (သြဂုတ် ၂၉) ညပိုင်း၌ ဗုံးများပေါက်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယနေ့ည ၈ နာရီခွဲကျော်တွင် ရန်ကင်းမြို့နယ် ကန်ဘဲ့လမ်းမပေါ်ရှိ မြို့မရဲစခန်းအနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။
” ဗုံးပေါက်သံက အသံတော်တော်ကျယ်တယ်။ ရန်ကင်းမြို့မရဲစခန်းနဲ့ ကလေးဆေးရုံကြားထဲမှာ ပေါက်တာလို့ သိရတယ်။ လူထိခိုက်မှုတော့ မရှိဘူး ကြားပါတယ်။ ရဲတွေရော၊ စစ်ကားတွေရော အများကြီးတော့ ရောက်လာတာ တွေ့ရတယ် ” ဟု ၎င်းက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းတို့တွင် လမ်းများပိတ်ဆို့၍ ဖြတ်သွားဖြတ်လာ ကားများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဌားယာဥ်မောင်းတစ်ဦးက ပြောသည်။
အလားတူ ယနေ့ည ၉ နာရီဝန်းကျင်တွင်လည်း တောင်ဥက္ကလာမြို့နယ် (၁၀)ရပ်ကွက်၊ မြောက်ဥက္ကလာမြို့နယ် ခေမာသီလမ်းမပေါ်နှင့် ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ် (၁၅၅)ရပ်ကွက်
တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံပြည်သူများ က ပြောသည်။
” တောင်ဥက္ကလာ သစ္စာလမ်းမဘက်က ဗုံးပေါက်သံ ကြားရတာပါ။ နေရာတော့ သေချာမသိဘူး။ အဲဒီ့ဘက်မှာ ရဲစခန်းတစ်ခုတော့ ရှိပါတယ်။ စစ်ကားတွေ၊ ရဲကားတွေတော့ သစ္စာလမ်းဘက်ကို သွားနေတာ တွေ့လိုက်ရတယ် “ဟုတောင်ဥက္ကလာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တောင်ဥက္ကလာမြို့နယ် သစ္စာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်၊ မြောက်ဥက္ကလာမြို့နယ် ခေမာသီလမ်းမပေါ်နှင့် မြောက်ဒဂုံမှ ရွှေပေါက်ကံဘက် သွားသည့် ရွှေပေါက်ကံ တံတားအဆင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။