ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပန်းဆိုးတန်း အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်လိုက်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆို သည်။
ဇွန်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြိုနယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ဦးစီးမှူးရုံး ၃ လွှာကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခွန်ဦးစီးမှူး အပါအဝင် လူ ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် အခွန်ဌာနဝန်ထမ်းဖြစ်ကြသည့် အခွန်ဒုဦးစီးမှူး ဖြိုးဖြိုးအောင် အပါအဝင် ဝန်ထမ်း ၃ ဦး ၊ အခွန်ရုံးသို့ လာရောက်သည့် လူ ၂ ဦး စုစု ပေါင်း ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဗုံးစတွေမှန်တာပါ။ စိုးရိမ်စရာတော့မရှိပါဘူး။ ဒဏ်ရာပြင်းသူတစ်ဦးပါတယ်။ အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူး။ ကျန်သူတွေကတော့ အပေါ်ယံ ထိတာတွေ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
အခွန်ရုံးကို တိုက်ခိုက်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲ့ကမူ တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသည်။