ရန်ကုန်တိုင်းမှာ နေ့စဉ် ယာဉ်ထိန်းရဲတွေ အုပ်စုဖွဲ့ စစ်ဆေးနေပြီး ယာဉ်စည်းကမ်း အကြောင်းပြကာ ဓားပြတိုက်သလို အတောင်ကြမ်းနေလို့ ဒုက္ခရောက်နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ လက်ရှိ ယာဉ်ထိန်းတွေ အုပ်စုဖွဲ့ တောင်းရမ်းနေလို့ လူအင်အားပေါ်မူတည် ပေးနေရတဲ့ အတွက် အုံနာကြေးပင် မပေးနိုင် ဖြစ်ရတဲ့ အငှားယာဉ်မောင်းတွေလည်း ရှိနေတယ်လို့ အငှားယာဉ်မောင်း ဖြစ်သူ ကိုဇော် ကပြောပါတယ်။ “ဝီစီ တစ်ချက်မှုတ်တိုင်း အလကားရတဲ့ ပိုက်ဆံပဲဗျာ။ ၅ ထောင် တစ်သောင်းလောက်တောင် မဟုတ်တော့ဘူး။ တစ်သောင်းခွဲ ၂ သောင်း တောင်းတာ။ ပိုက်ဆံရှာရတာ မလွယ်ပါဘူး။ နံပါတ်အမဲဆိုရင်တော့ ဝန်ထမ်းလို့ပြောပြီး ပေးရင်တော့ ၅ ထောင်လောက်နဲ့ အဆင်ပြေတယ်။ လူများတော့ ပိုပြီး ပေးနေရတယ်” လို့ သူကပြောပါတယ်။
အခုလမှ စတင်ကာ ယာဉ်ထိန်းရဲတွေ ကားသမားများထံက ပိုက်ဆံ ပိုမိုတောင်းလာတာဖြစ်ပြီး ပိုက်ဆံမပေးနိုင်တဲ့ ယာဉ်မောင်းတွေကို ၃ သောင်းတန် အမှုဖွင့် ချလံဖြတ်ပိုင်းများ ဖြတ်ပေးပြီး ၅၁ လမ်း ယာဉ်ထိန်းရုံးမှာ ဒဏ်ငွေ ဆောင်ခိုင်းတယ်လို့ ကုမ္ပဏီ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။ “ကျန်ခဲ့တဲ့ရက်က ဘုရင့်နောင် မရောက်ခင် ကြို့ကုန်း မီးပွိုင့်ကို ဖြတ်တာ မီးပွိုင့် အလည်ကိုတောင် ရောက်နေပြီ။ ဝါသွားတော့ ကိုယ်ရော လိုင်းကား YBS ရော တားပါလေရော။ ဘာမှတောင် မပြောရသေးဘူး မီးနီနဲ့ ဖြတ်တယ်ဆိုတာကြီးပဲ။ ေ-ွးသားက ပထွေးတွေ အားကိုးနဲ့၊ ၅ ထောင် ပေးခဲ့ရတယ်။ ချွေးနည်းစာထဲက လိုင်းကား ဆရာကတော့ ဘယ်လောက် ပေးရလဲ မသိဘူး။ နေရာတိုင်းမှာ အားတက်သရောကို တောင်းစားနေတာ” လို့ သူကပြောပါတယ်။ အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အရင်က ကီလို ၁၀၀ အထက် မောင်းပါက ဒဏ်ကြေးငွေ ၃ သောင်းကျပ်သာ ပေးဆောင်ရပေမယ့် အခု တစ်သိန်းနဲ့ တစ်သိန်းကျော် ဒဏ်ကြေး ပေးဆောင် နေရတယ်လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။