ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံခြုံရေး အရာရှိချုပ်ဖြစ်သူ ဗိုလ်မှူးဟောင်း ရဲခိုင်ကို ဒီကနေ့ ဇွန်လ ၁၉ ရက် ညပိုင်းမှာ ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဖြစ်တဲ့ URBAN OWLS က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ရှင်းလင်းခံလိုက်ရတဲ့ ရဲနိုင်ဟာ စစ်တက္ကသိုလ် အပတ်စဥ် (၄၂) ဆင်းလေတပ်အရာရှိ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်ပြီး စစ်အုပ်စု ဒုခေါင်းဆောင် စိုး၀င်းတပည့်တစ်ဦးဖြစ်သလို စစ်တပ်ထောက်တိုင် asia world ထွန်းမြင့်နိုင်ရဲ့ လူယုံတစ်ဦးလည်းဖြစ်တယ်လို့ URBAN OWLS က ဆိုပါတယ်။
“ရန်ကုန်လေဆိပ်ဟာဆိုရင် တော်လှန်ရေးသမားတွေ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေအပြင် သာမန်ခရီးသွားပြည်သူတွေကိုပါ နိုင်ထက်စီးနင်းလုပ်နေတာဖြစ်တယ်။ အခုလို လေဆိပ်မှာ အနိုင်ကျင့်၊ လာဘ်စား၊ ဖမ်းဆီးညှင်းပန်းနေတဲ့ လုံခြုံရေးတာဝန်ခံတွေ၊ စစ်ဘက်တာဝန်ခံတွေ၊ လေကြောင်းလိုင်းတာဝန်ခံတွေရဲ့ အချက်အလက်တွေကို ကျွန်တာ်တို့ UG တွေလက်ထဲမှာ ရထားပြီ။ ဒီလိုစစ်ကောင်စီလက်ပါးစေတွေကို ကျွန်တော်တို့ အောင်အောင်မြင်မြင်ရှင်းလင်းနိုင်ခဲ့တယ်၊ နောက်လည်းထပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားဦးမယ်။ အခုဆိုရင် ရန်ကုန်အခြေစိုက် PDF တပ်ဖွဲ့လည်းရှိနေပြီ။ ရန်ကုန်အပါအဝင် တတိုင်းပြည်လုံးမှာ အရှိန်မြှင့်လာပြီဖြစ်တဲ့ တန်ပြန်တိုက်စစ်မှာ ပြည်သူတွေအနေနဲ့လည်း တက်တက်ကြွကြွရှိဖို့ တိုက်တွန်းပါတယ်” လို့ URBAN OWLS စစ်ဆင်ရေးတာဝန်ခံကပြောပါတယ်။
URBAN OWLS ပျောက်ကြားတပ်ဖွဲ့အနေနဲ့ ရန်ကုန်မြို့တွင်း စစ်ဆင်ရေးတွေကို အရှိန်မြှင့်တင်တော့မှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ စစ်ရေးသတိ၊ လုံခြုံရေးအသိထားပေးကြဖို့၊ စစ်ကောင်စီနဲ့ပက်သက်ဆက်နွယ်သူတွေကိုရှောင်ရှားကြဖို့နဲ့ တော်လှန်ရေးရဲဘော်တွေ တတ်နိုင်သလောက်ထောက်ပံ့ကူညီပေးကြဖို့ ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါတယ်။