ရန်ကုန်မြို့၊ ထန်းတပင်မြို့နယ်တွင် ပြည်သူ့ဘဝ လုံခြုံရေးကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန်အတွက် အဓမ္မ လူစုဆောင်းနေသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် စစ်သား စုဆောင်းရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် လဝကဌာနတို့မှ သတ်မှတ်ထားသည့် ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ဆောင်ပေးရန် ချမှတ်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် မလွှဲမရှောင်သာ စတင်ပြီး အကောင်အထည်ဖော် လုပ်ဆောင်နေသည်ကို သိရှိရကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုကို ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လက်မခံကြောင်းလည်း ထန်းတပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏လက်အောက်ခံ အုပ်ချုပ်ရေးမှူးတစ်ဦးဦးသည် လူထုဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး အကြမ်းဖက်စစ်တပ်အတွက် တပ်သားများ ဆက်လက်စုဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သူ ဌာနအသီးသီးတို့ကို စစ်ရေးပစ်မှတ်အဖြစ် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။