ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် မယား ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ကြည်ထွန်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်းသည် မယားဖြစ်သူ စန္ဒာအေးနှင့် နေအိမ်မှ ဗိုလ်ဆွန်ပက်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဘေးတွဲ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် ဗိုလ်ဇင်ယော်လမ်းပေါ်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကြည်ထွန်းသည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်းသည် ဦးခေါင်း ၊ နဖူး ၊ ရင်ညွန့် တို့ကို သေနတ်ကျည် ၅ ချက်ထိမှန်ခဲ့ပြီး ၎င်း၏မိန်းမဖြစ်သူ စန္ဒာအေးသည် ကျောကုန်းကို သေနတ်ကျည် ၂ ချက် ထိမှန်ကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကြည်ထွန်း အလောင်းနှင့် စန္ဒာအေးကို အမှတ် ၁ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။