ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲမှာရှိတဲ့ တော်ဝိရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေနဲ့ စစ်ကောင်စီတွေ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးမှာ ရှိတဲ့ တော်ဝိရွာကနေတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို PDF တပ်တွေက ဆီးကြိုတိုက်ခိုက်တာကြောင့် ကောက်မယ်သူရွာထိပ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ တော်ဝိဘက်ပြန်ပြေးသွားတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ဒီမနက်ပဲ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေ တော်ဝိထဲပြန်ပြေးတယ်။ ပြီးတော့ ကောက်မယ်သူရွာထဲကို လက်နက်ကြီးနား ၁၅ကြိမ်မကဘူး ပစ်တယ်”လို့ သူက ပြောပါတယ်။
တိုက်ပွဲကြောင့် PDF တပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ဘက်ကတော့ အထိအခိုက်ရှိခဲ့ပြီး အရေအတွက်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဇူလိုင်လ ၁၄ရက်နေ့ကလည်း တော်ဝိကျေးရွာအနီးမှာ PDF တပ်နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီး တော်ဝိကျေးရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကောက်မယ်သူ၊ ချုံအင်း၊ ရေတွင်းကြီး၊ အင်ကုန်းနဲ့ အင်ပရီကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ လပိုင်းက စလို့ PDF တပ်ဖွဲ့တွေဟာ ရန်ကုန်-မန္တလေး လမ်းဟောင်းနားအထိ ချည်းကပ်လာပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မှုအရှိန်မြှင့်မှာကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်းကို ညပိုင်းအသုံးပြုမှုလျှော့ချဖို့ NUG တောင်းပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ဇူလိုင်လ ၁ရက်က ကြေညာထားပါတယ်။