ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က လာရောက်တပ်စွဲထားပြီး တစ်အိမ်ကို စစ်အသုံးစရိတ် ၂ သောင်းကျပ် ကောက်ခံနေတယ်လို့ ရွာခံတွေက ပြောပါတယ်။
မတ်လ ၁၈ ရက်လောက်ကတည်းက ပါပန်း၊ လွယ်ကိုး၊ ပိန္နဲကုန်း၊ ပင်ဖြစ် စတဲ့ကျေးရွာတွေမှာ တစ်ရွာကို တပ်သား ၁၀ ဦးနှုန်းနဲ့ တပ်စွဲထားပြီး တစ်အိမ် တက်ဆင်း ကောက်ခံနေတာလို့ ဆိုပါတယ်။
ပင်ဖြစ်ရွာခံ တစ်ဦးက “စစ်အသုံးစရိတ်လို့ ပြောတယ်။ အကုန်လုံးက ခက်ခဲနေကြပေမယ့် မဖြစ်မနေ ထည့်ရမယ်။ အုပ်ကြီးကိုယ်တိုင် လိုက်ကောက်နေတာ။ မပြေလည်တဲ့ အိမ်တွေက ငွေတိုးယူပြီး ထည့်ရတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်း မဲနှိုက်ရတဲ့ ကောင်းဘို့၊ လွယ်ကိုး၊ ရေအေး၊ ဂနိုင်ကြား စတဲ့ကျေးရွာတွေမှာတော့ ကိုယ်စား လူငှားဖို့အတွက် တစ်အိမ် ၅ သောင်းကျပ်အထိ ကောက်ခံနေပြီး လူငှားလို့ မရခဲ့ရင် အကြုံးဝင်သူ အမျိုးသားအားလုံး မဲနှိုက်ရမယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ကောင်းဘို့ ရွာခံ တစ်ဦးက “ဒီကာလက လူငှားရဖို့ မလွယ်ပါဘူး။ အရမ်းကြီး ခက်ခဲနေရင်တော့ မပြောတတ်ဘူး။ တစ်အိမ် ၅ သောင်းနှုန်း အတိုင်းသာ ရရင်တော့ သိန်းရာကျော် ရမှာပေါ့။ ဘယ်သူမှတော့ မသေချင်ကြဘူးလေ” လို့ ပြောပါတယ်။
ရပ်စောက်မြို့ပေါ်နဲ့ ကျေးရွာတချို့မှာ ပြီးခဲ့တဲ့လက စပြီး စစ်ကောင်စီ လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ဝန်ထမ်းတွေက စစ်မှုထမ်း အကြုံးဝင် လူငယ်တွေရဲ့ အချက်အလက်တွေ ရဖို့အတွက် နိုင်ငံသား စီစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို စမတ်ကတ် လဲလှယ်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုကာလ ခရီးသွားမယ့်သူတွေအတွက်လည်း အုပ်ချုပ်ရေးမှူးတွေက တစ်စောင် ၅,၀၀၀ ကျပ်နှုန်းနဲ့ ထောက်ခံစာ ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။