ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်ထဲက မြို့ဆိုးရွာမှာ ရွာသားတစ်ဦးသူ့ရဲ့နေအိမ်မှာ သီချင်းဖွင့်တာ အသံကျယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပအိုဝ်းပြည်သူ့စစ် – PNO/PNA က စက်တင်ဘာလ ၂၃ရက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရွာသားဟာ အသက် ၂၀ ဝန်းကျင်ခန့်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ကို စက်တင်ဘာလ ၂၆ရက်အထိ ပြန်မလွှတ်ပေးသေးဘဲ PNO တပ်ဖွဲ့ဝင်တွေက နှိပ်စက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သွားပြန်ရွေးတာလည်း ပြန်မလွှတ်ပေးဘူး။ ဘာမှလုပ်တာမဟုတ်ဘူး။ သီချင်းဖွင့်တာ ခေတ်ပေါ်သီချင်းပါသွားလို့ထင်ပါတယ်။ ဖမ်းသွားတာ။ နှိပ်စက်ထားတာလည်း ညိုမဲနေတာပဲ” လို့ သူက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရွာသားကို ပြန်မလွှတ်ပေးတဲ့အပြင် ပြန်လွှတ်ပေးဖို့ သွားပြောသူတွေကိုပါ ဖမ်းဆီးမယ်လို့ မြို့ဆိုးရွာမှာ အခြေချနေတဲ့ PNO/PNA တပ်ဖွဲ့ဝင်တွေက ထပ်မံခြိမ်းခြောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
PNO/PNA တပ်ဖွဲ့ဟာ အဲဒီဒေသတဝိုက်မှာ အရင်ကလည်း အခုလို အကြောင်းမရှိအကြောင်းရှာ ဖမ်းဆီးပြီး ငွေကြေး အမြောက်အများတောင်းခံပြီးမှ ပြန်လွှတ်ပေးတဲ့ ဖြစ်စဉ်တွေရှိတယ်လို့ ဒေသခံတွေထံကနေ စုံစမ်းသိရပါတယ်။