မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် အချုပ်ကား လုံခြုံရေး လိုက်လာသော ဆိုင်ကယ် စီးလာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်းအဖွဲ့ ဒုတာဝန်ခံ ကိုဖိုးခွားက ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ရမည်းသင်းမြို့နယ်၊ ရွှေဒါးကျေးရွာ တောင်ဘက် စက်မှုတစ်စက်ရုံအနီးတွင် ရမည်းသင်း မှ အချုပ်သား တင်လာသော အချုပ်ကားနောက်၌ ဆိုင်ကယ်နှင့် လုံခြုံရေး လိုက်ပါလာသော ရဲများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ရဲ ၂ ဦး မိုင်းဆွဲ တိုက်ခိုက်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ရမည်းသင်း ပကဖ ၊ ပျော်ဘွယ် ပကဖ ညီနောင် မဟာမိတ် ၃ ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း တိုက်ဒေါင်းအဖွဲ့ ဒုတာဝန်ခံ ကိုဖိုးခွားက ပြောဆိုသည်။