ရခိုင်ပြည် ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် အာဏာသိမ်းစစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းအသုံးပြု၍ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဆက်တိုက်ဗုံးကြဲခြင်းကို ပြုလုပ်နေသည်ဟု သိရသည်။
စစ်ကောင်စီသည် ဖက်ဆစ်စိတ်ဓာတ်ဖြင့် ဖေဖော်ဝါရီ လဆန်းပိုင်းကစ၍ ရမ်းဗြဲမြို့အား ရေကြောင်း၊ လေကြောင်း ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေသည်ဟု ရက္ခိုင့်တပ်တော် AA မှ ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။
ရမ်းဗြဲမြိုအား ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ညဦးပိုင်းအချိန်ထိ Mi-35 စစ်ရဟတ်ယာဉ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ကလိန်တောင်မြစ်ထဲရှိ စစ်ကောင်စီ နေဗီ (သင်္ဘော) က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးဖြင့် (၉) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းမှ တိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့သည်။
ယင်းတိုက်ခိုက်မှုများကြောင့် အမှတ် (၄) ကင်းတဲရပ်ကွက်ရှိ လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် အခြားသော နေအိမ် အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း AA က ဆိုသည်။
ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာပဲ ရသေ့တောင်မြို့ မြောက်ဘက်ရှိ ခနောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ခမရ (၅၃၆) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အသေးစိတ်ကို ပြန်လည်ထုတ်ပြန်မည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်က ထုတ်ပြန်ပြောဆိုထားသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်ကလည်း အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာ အရှေ့ဘက် မီတာ ၁၄၀၀ ကျော်အကွာရှိ တောင်ကုန်း၌ အခြေချတပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၅၄၃ တပ်ရင်းမှ လက်နက်ကြီး နှစ်လုံး မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည့် ကမ်းထောင်းကြီးမြို့ င/နှောင်းပြင်ရပ်ကွက်မှ ဒေသခံအမျိုးသား (၁) ဦးနှင့် ရွာသာယာရပ်ကွက်မှ အမျိုးသား (၁) ဦးတို့မှာ ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်က ယမန်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။