ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်တွင် ယမန်နေ့ညကတိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ မြို့မဈေးအနီးရှိ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
“ည ၁၁နာရီ ၄၀လောက်မှာ လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်တာ။ မြို့ထဲမှာတိုက်ပွဲမဖြစ်ဘဲ ပစ်တာ။ နှစ်လုံးက မြို့မဈေးနားကျတယ်”ဟု ရသေ့တောင်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ နံနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် ရသေ့တောင်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ခဲ့သည်။
ထို့အပြင် ကျောက်တော်မြို့ အပေါက်ဝနယ်မြေရဲစခန်းမှ ရဲများလည်း AAထံ လက်နက်ချအညံ့ခံခဲ့သည်။ ထို့နောက်ပိုင်းတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဒေသခံများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေသလို အရပ်သားများကို ပစ်မှတ်ထား၍ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့က စစ်ကောင်စီစခန်းများတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျောက်တော်မြို့၊ မင်းပြားနှင့် မြောက်ဉီးမြို့တို့၌ အရပ်သားအချို့သေဆုံးမှုရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အသေးစိတ်ကို မသိရှိရသေးပေ။
ရခိုင်ပြည်နယ်အတွင်း ယနေ့စတင်သည့် ‘၁၀၂၇ စစ်ဆင်ရေး’ပထမဆုံးနေ့တွင် မြို့နယ်သုံးခုမှ စစ်ရေးပစ်မှတ် ၆နေရာ၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားသည်။