ကလေးမြို့နယ်ရှိ ရာဇဂြိုလ်ရဲဘက်စခန်း နှင့်မြောက်စီးရွာရဲစခန်းတို့ကို တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။
“ရေစဂြိုလ်ရော၊ မြောက်စီးရောရပြီ။ ကျန်တာကို စစ်ဒေသက တရားဝင်ထုတ်လာလိမ့်မယ်” ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် ပြောသည်။
ထိုစခန်းနှစ်ခု၌ စစ်ကောင်စီ၊ရဲနှင့် ပျုစောထီးအများအပြား တပ်စွဲထားခြင်းဖြစ်သည်။ ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကိုမူ အသေးစိတ်မသိရသေးပေ။
ထိုကြောင့် ယနေ့နံနက်တွင် ခါမ်းပါတ် မြို့ရှိစစ်တပ်နှင့်ရဲများ အထိုင်ချထားသော မြို့မ ရဲစခန်းနှင့်ဝိတုတ်ရွာရှိစစ်စခန်းကိုပါတော်လှန်ရေးအဖွဲ့များကသိမ်းပိုက်ခဲ့ပြီဖြစ်၍ တော်လှန်ရေးအဖွဲ့များက စစ်စခန်းအနည်းဆုံး ၄ ခုကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ခါမ်းပါတ်တွင် စစ်တပ်အဓိကတပ်စွဲနေသော စခန်းကိုသိမ်းနိုင်ခဲ့ပြီဖြစ်၍ ခါမ်းပါတ်မြို့ကိုပါ တော်လှန်ရေးအဖွဲ့များက စိုးမိုးနိုင်ပြီဖြစ်ကြောင်းဒသခံများကပြောသည်။
တော်လှန်ရေးအဖွဲ့များက ကလေး-တမူး အာရှအဝေးပြေးလမ်းမပေါ်ရှိ အဓိကစစ်စခန်းများကို ယနေ့နံနက်အစောပိုင်းတွင်တစ်ချိန်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်တပ်က လေကြောင်းပစ်ကူလညသော်လည်း စခန်းများကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီတပ်စခန်းများကို PDF ခရိုင်တပ်ရင်းများ၊KIA ၊ABSDF နှင့် အခြားတော်လှန်ရေးအဖွဲ့များကပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
တမူးမြို့ပေါ်တွင်တိုက်ပွဲမဖြစ်သေးသော်လည်း စစ်ကောင်စီတပ်ကအစစ်အဆေးကြမ်းနေပြီး ယနေ့မနက်မှာပင် ကလေး-တမူး အာရှအဝေးပြေးလမ်းကို စစ်တပ်ကပိတ်လိုက်သည်။
“ခါမ်းပါတ်စခန်းသိမ်းလိုက်ပြီဆိုတော့ထပ်တိုက်စရာဆိုလို တမူးစစ်စခန်းနဲ့ ကလေးမြို့ပဲရှိတော့တယ်။တမူးသိမ်းလိုက်ရင်တမူးခရိုင်တစ်ခုလုံးလွတ်လပ်သွားတော့မှာ”ဟုဒေသခံတစ်ဦးကပြောသည်။