စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်တာ နှစ်ရက်ရှိပြီလို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
မြိတ်မြို့ဘက်ကလာတဲ့ ရိက္ခာတင်ယာဥ်တန်းရဲ့ ရှေ့ပြေးကား ၄ စီးက စစ်ကောင်စီတပ်သားတွေနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုကျေးရွာအနီးမှာ မနေ့ကမနက် ၁၀ နာရီဝန်းကျင်နဲ့ ဒီကနေ့မနက် ၇ နာရီခွဲဝန်ကျင်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာပါ။
“ပစ်သံတွေပေါက်ကွဲသံတွေ အကုန်ကြားနေရတာပေါ့။ တိုက်ပွဲပြီးသွားရင် နောက်ထပ် လက်နက်ကြီး ဆက်ပစ်နေတာမျိုးတော့မရှိဘူး။ ခဏဖြစ်ပြီးရင် ငြိမ်သွားတယ်”လို့ အနီးအနားရွာမှာနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲနှစ်ကြိမ်စလုံးဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။
မနေ့ကတိုက်ပွဲကိုတော့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ပကဖရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မြိတ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲက ရိက္ခာယာဥ်တန်းရဲ့ရှေ့ပွိုင့်ကကားတွေနဲ့ဖြစ်နေတာပါ။ မိုင်းတွေလည်း ထိထားတော့ သူတို့ဘက်က ထိခိုက်မှုလည်းများတယ်။ အသေးစိတ်တော့မသိရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မနေ့ကတိုက်ပွဲဖြစ်ပွားပြီးနောက် ကမ်းတိုရွာတဝိုက်ကဒေသခံလေးဦးလောက်ကိုဖမ်းဆီးသွားပြီး ဒီနေ့ညနေပိုင်းအထိလည်း ပြန်လွှတ်ပေးတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေပြောပြချက်အရ စစ်ကောင်စီတပ်သားတွေ လက်ရှိအချိန်ထိလည်း ဘန်းလမွတ်ကျေးရွာအုပ်စုထဲမှာရှိနေဆဲလို့ သိရပါတယ်။
အခုလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ တွေမှာလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁)တပ်ရင်း နှစ်ရက်ဆက်ပစ်ခတ်ခံခဲ့ရတာ ရှိပါတယ်။
မြိတ် ပကဖ ကတော့ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့် တနင်္သာရီမြို့နယ်အတွင်းက ပြည်သူတွေ အရေးတကြီးကိစ္စမရှိရင်သွားလာတာ မပြုလုကြဖို့ သတိပေးထားပါတယ်။