စစ်ကိုင်းတိုင်း ကသာမြို့မှ ရိက္ခာနှင့် လစာထုတ်ယူပြီး ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို အင်းတော်ဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က နဘား – ကသာလမ်းပိုင်းတွင် ယနေ့နံနက်ပိုင်း ၁ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
၁၂ ဘီးကားနှစ်စီးဖြင့် စစ်အင်အား ၁၀၀ ကျော်ဝန်းကျင်ခန့် လိုက်ပါစီးနင်းလာသည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၁၆) ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု KPDF နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။
“စစ်လက်နက်ရိက္ခာတွေနဲ့ သူတို့လခပေးဖို့အတွက် သွားထုတ်တာ ကသာမှာ ဒီနေ့ညတွင်းချင်း သူတို့ဆင်းခဲ့ကြတာပေါ့။ ည ၁ နာရီလောက်မှာ ကသာနဲ့ အင်းတော်လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်တာ။ ခုမနက်ဖုန်းဆက်ခဲ့တာ ဒဏ်ရာရတဲ့ဟာ တော်တော်လေးကိုများတယ်တဲ့ ကားတစ်စီးကတော့ ပျက်လို့ဆွဲသွား ရတယ်တဲ့”ဟု ပြောသည်။
သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အင်းတော်မြို့သို့ ပြန်လည်သယ်ဆောင်လာကြောင်း သိရပြီး ထိခိုက်သေဆုံးသူ မည်မျှရှိသည်ကို တိတိကျကျ အတည်မပြုနိုင်သေးကြောင်း သူကဆိုသည်။
တိုက်ပွဲမှာ သုံးနာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အင်းတော်မြို့ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လက်နက်ကြီးဖြင့် ပစ်ကူခဲ့ကြောင်း အင်းတော် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မနက်လေးနာရီလောက်မှာ လက်နက်ကြီးသံ ကြားရတယ်။ အခုကတော့ ပစ်သံမကြားတော့ဘူး”ဟု ပြောသည်။
တိုက်ပွဲတွင် KIA၊ KPDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်းတော် – ကသာ လမ်းပိုင်းကို ယာယီပိတ်ပင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဖြတ်သန်းသွားလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။