ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာရှိတဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးဖို့အတွက် စစ်ကောင်စီတပ်က စီစဉ်နေတယ်လို့ သိရပါတယ်။
ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်း စတဲ့မြို့နယ်တွေက CDM ဝန်ထမ်းတွေကို ဖမ်းဖို့စေခိုင်းထားပြီး အဓိက ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးခိုင်းထားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
“ စီမံချက်ပုံစံမျိုးပေါ့ ခုက မမိ မိတဲ့သူကို ခေါ်လာခိုင်းထားတာ၊ အကုန်ပါတယ် ရေကြည်မြို့နယ်ထဲက ရွာတွေရော မြို့ပေါ်ရော ဖမ်းမှာ”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ဇွန်လဆန်းပိုင်းကစတင်ကာ CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် လက်ရှိအချိန်ထိ အဖမ်းခံထားရသူ တစ်မြို့နယ်လုံးဆို ၁၀ ဦးကျော် လောက်ရှိနေပြီလို့ ဆိုပါတယ်။
ငါးသိုင်းချောင်းမြို့၊ ငှက်သိုက်ကျေးရွာမှာ ဇွန်လ ၇ ရက်နေ့က CDM ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီ တပ်က ဝင်ရောက်ဖမ်းပြီး မမိလို့ မိန်းမနဲ့ ကလေးကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။