မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက် စစ်တပ်က အမျိုးသမီး ၁ ဦးကို ပစ်သတ်ပြီး ကူနီရွာရှိ ကိုကြီးကျော် နတ်နန်း အနီးတဝိုက်ကို မီးရှို့ကာ စစ်ကြောင်း ထိုးနေကြောင်း ရေစကြို ပကဖမှ တာဝန်ရှိ သူတစ် ဦးက ပြောကြားသည်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ နွယ်နီရွာမ ကျေးရွာ မှ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ကူနီကျေးရွာရှိ ကိုကြီးကျော် နတ်နန်းအနီးတဝိုက်ကို မီးရှို့နေကြောင်း၊ ထို့ပြင် ဝါဘိုးရွာ၊ ညောင်ပင် သာရွာ၊ မြေတော်ရွာ၊ ကြွယ်ကုန်းရွာဘက်၌လည်း အကြမ်းဖက် စစ်သားများ ရောက်ရှိနေကြောင်း သိရသည်။
“အတိအကျ အသေးစိတ်ကတော့ အတည်ပြုလို့မရသေးဘူးဗျ၊ အခြေအနေက မအေးချမ်းသေးတော့၊ စစ်တပ်က ပစ်သတ်ခဲ့တဲ့အမျိုးသမီးကတော့ နွယ်နီကျေးရွာက ဟုတ်တယ်၊ ရွာကို မီးရှို့တာကလည်း အများကြီးရှို့တာတော့ မဟုတ်ဘူး၊ ရောက်ကတည်းက ကာကွယ်ရေးရဲဘော်တွေရဲ့ ကျန်နေခဲ့တဲ့ အသုံး အဆောင်ပစ္စည်းတွေကို မီးရှို့နေတာလို့ သိရတယ်၊ အိမ်တွေမီးရှို့နေတာတွေကတော့ အတိအကျ မသိရ သေးဘူး၊ ပြည်သူတွေကလည်းထွက်ပြေးနေရတာဆိုတော့ အဝေးကနေပဲ မီးလောင်နေတာတွေ မြင်ရ တာ၊ အဲလိုဆိုတော့ နေအိမ်တွေရှို့တာတော့ အတည်ပြုလို့မရသေးဘူး” ရေစကြို ပကထမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ရေစကြိုမြို့ပေါ်မှ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မြင်းခြံဘက်မှ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းတို့က ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို ပိတ်ဆို့ကာ ဝင်ရောက် စီးနင်း နေခြင်းဖြစ်ပြီး ရေလယ်ကျွန်းဒေသမှ ထောင်နှင့် ချီသော ပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။