မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ရေလယ်ကျွန်းဒေသကိုပါ စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၀ရက် နံနက်၇နာရီခွဲခန့်က ရေစကြိုမြို့မရဲစခန်းမှလာသော အင်အား၃၀ခန့်ပါ စစ်ကောင်စီတပ်အား မြို့အထွက် ခွားနီးခြံအနီးတွင် ၁၂လုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦး ဒဏ်ရာရသွား၍ ပြည်သူ့ကားများဖြင့် မြို့အတွင်း ပြန်လည်ခေါ်ဆောင်သွားကြောင်း ရေစကြို(ပကဖ)အဖွဲ့ကဆိုသည်။
“သူတို့က မြို့အနီးပတ်ချာလည်ပဲသွားနေတာ။ လက်ရှိ ရေစကြိုမြို့ပေါ်မှာလည်း အင်အားအများအပြား ချထားတယ်။”ဟု ရေစကြို(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ရေလယ်ကျွန်းဒေသသို့ ရောက်လာပြီး လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ကျောက်ဖူးရိပ်သာကျောင်းအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ဆိုသည်။ အသေးစိတ်ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပေ။
လက်ရှိ ရေစကြိုမြို့တွင်လည်း စစ်ကောင်စီတပ်သားများ လှုပ်ရှားနေ၍ ပြည်သူများအနေဖြင့် ၎င်းတို့နေရာများနှင့်ဝေးရာတွင် နေထိုင်ပေးကြရန် ပကဖက မေတ္တာရပ်ခံထားသည်။