မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၅နာရီခွဲခန့်က ရေစကြိုမြို့ အမှတ်(၈)ရပ်ကွက်ရှိ ကပ်ကျော် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသတွင်း PDFအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လက်နက်ကြီးများဖြင့် မြို့ပေါ် လူနေရပ်ကွက် များအတွင်း ပစ်ခတ်ခဲ့ရာ အမှတ်(၈)ရပ်ကွက်ရှိ နေအိမ်များပျက်စီးခဲ့ကြောင်း၊ ထို့အပြင် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးကာ အမျိုးသမီး နှစ်ဦးလည်း ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Info Committee Yesagyo)က ပြောသည်။
“PDF တစ်ဖွဲ့က ဝင်လုပ်တယ်ပြောတယ်။ အဲဒီမှာ စကစဘက်က လက်နက်ကြီးနဲ့ထုလို့ ပြည်သူ တစ်ယောက်ကတော့ခေါင်းပွင့်ပြီး သေတယ်။ နောက်တစ်ယောက်ကတော့ ဗိုက်ပွင့်သွားတယ်။”ဟု ရေစကြို ပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် ဂူကြီးကျောင်းတိုက်မှ ဦးဇင်းတစ်ပါးလည်း ဒဏ်ရာရရှိပြီး သုခဝတီရပ်ကွက်နေ အမျိုးသားတစ်ဦးလည်း ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရကြောင်း ရေစကြိုသတင်းအချက် အလက်ကော်မတီ(Info Committee Yesagyo) ထံမှ သိရသည်။
တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းPDFများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရေစကြိုမြို့နယ် အခြေစိုက်စစ်ကောင်စီတပ်ရင်းနှင့် ဇီးတောပျူစောထီးရွာမှ ပူးပေါင်း အင်အား ၁၀၀ခန့်သည် ယမန်နေ့(မတ်လ ၂၂ရက်)မှစ၍ ရေစကြိုနယ်ကိုဖြတ်ပြီး မြိုင်မြို့နယ် လင်းကတောရဲစခန်းဘက်သို့ သွားရန် စစ်ကြောင်းထိုးနေသည်။ ထို့ကြောင့် ရေစကြိုနှင့်မြိုင်မြို့နယ် ထိစပ်ဒေသများမှ ကျေးရွာများ စစ်ဘေးရှောင်နေကြရကြောင်း သတင်းရရှိသည်။
ဘေးလွတ်ရာထွက်ပြေးလာသောစစ်ဘေးရှောင်များကို လတ်တလော၌ စစ်ဘေးရှောင်ရန်မလိုသေးသည့်ရွာများမှ ဒေသများက စားနပ်ရိက္ခာနှင့် နေထိုင်ရေးစီမံပေးနေသည်။
ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်သည် မြို့ပေါ်နှင့် ချင်းတွင်းမြစ်ဘေးကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခဲ့၍ ပြည်သူများထိခိုက်သေဆုံးမှုရှိနေသည်။