မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာတွင် သပိတ်အင်အားစုများ စုပေါင်း၍ လူထုနိုင်ငံရေးအသိပညာပေးပွဲနှင့် တော်လှန်ရေးရုပ်ရှင်ဖြစ်သည့် ဒါရိုက်တာ ကိုပေါက်၏ “မိုးခါးရေ” ရုပ်ရှင် ပြသခြင်းတို့ကို ယနေ့ (ဇူလိုင် ၁၄) ညပိုင်း၌ ပြုလုပ်ခဲ့သည်။
ယင်းပွဲတွင် ဒေသခံ ပကဖ၊ ပအဖ များနှင့် မန္တလေးနိုင်ငံရေးအင်အားစုမှ ဦးဆောင်သူများက လူထုကို နိုင်ငံရေးအသိပညာပေး ဟောပြောခဲ့ပြီး ဖယ်ဒရယ်ဒီမိုကရေစီအခြေခံသဘောတရား video short clip များလည်း ပြသခြင်းနှင့် လူထုနိုင်ငံရေးရေချိန်မြှင့်တင်ရန်အတွက် ကနဦးအဆင့် အသိပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးပွဲကို အမျိုးသမီးမဟာမိတ်အင်အားစု၊ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင်ပင်မသပိတ်နှင့် ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။