မကွေးတိုင်း၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက် ည ၉ နာရီခန့်က ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်များစုဝေးရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ စစ်ကားနှစ်စီး ဝင်သွားချိန် ဒေသတွင်းတော်လှန်ရေးအဖွဲ့နှစ်ဖွဲ့က (၄၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“စစ်ကားနှစ်စီး ဝင်ပြီးတာနဲ့ ခဏလောက်အကြာမှာ ပစ်ခတ်ခဲ့တာ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
သေဆုံးသွားသော စစ်သားတစ်ဦး၏ ရုပ် အလောင်းအား ရေစကြို (၂၅၈)တပ်ရင်းအတွင်းသို့ သယ်ဆောင်သွားပြီး ညနေ ၃နာရီတွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်ဟု MBT တပ်ဖွဲ့က ဆိုသည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ဆင်ရေးအား MBTတပ်ဖွဲ့နှင့် TPGတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၃ ရက်ကလည်း ရေစကြိုထွေအုပ်ရုံးခန်းမ၌ စစ်ကောင်စီတပ်စုဝေးနေစဥ် MBT တပ်ဖွဲ့မှ လက်နက်ကြီးနှင့် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။