မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီး ခံလိုက်ရတဲ့ ဒဏ်ရာရ ရဲဘော်ကို ကယ်ထုတ်ဖို့ ကြိုးစားရင်း ဒီနေ့ မေလ ၂၅ ရက်မှာ Myingyan Black Tiger တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။
မနေ့ မေလ ၂၄ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်မှာ MBT အမှတ် (၂) စခန်းက ရဲဘော် ၂ ဦး ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပက်ပင်းတိုးရာက ပစ်ခတ်ဖမ်းဆီးခံရပြီး တစ်ဦးကတော့ လွတ်မြောက်သွားခဲ့ရာ MBT တပ်ဖွဲ့က ဖမ်းခံလိုက်ရတဲ့ ဒဏ်ရာရ ရဲဘော်ကို ဒီနေ့မှာ ကယ်ထုတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်က ဒဏ်ရာရ ရဲဘော်ကို ခေါ်ဆောင်သွားတာကြောင့် ကယ်ထုတ်မရ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အင်အား အကြီးဆုံး ခံစစ်ဖြစ်တဲ့ ရေစကြိုမြို့ထဲက ရုံးပေါင်းစုံ စခန်းကို လက်တုန့်ပြန် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ချိန် နာရီဝက်ခန့် ကြာခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပြီးချိန် နောက်ဆက်တွဲ သတင်းအရ စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးတယ်လို့ သတင်းရထားကြောင်း MBT က ထုတ်ပြန်ထားပြီး မဲခေါင်သတင်းဌာမ အနေနဲ့ ကတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
“မနေ့က ဖြစ်ခဲ့တာကတော့ (ရဲဘော်) တစ်ယောက်ကတော့ ခြေထောက်နဲ့ ဗိုက်မှန်တယ် ကြားတယ်။ ကျန်တဲ့ တစ်ယောက်ကတော့ ဒဏ်ရာနဲ့ လွတ်သွားတယ် ကြားတာပဲ။ ဒီနေ့ပွဲဖြစ်တာတော့ ဟုတ်တယ်။ ကျွန်တော်တို့အိမ်နဲ့ နီးနီးလေး။ ခွေးကတော့ သေမသေ မသိဘူး” လို့ ရေစကြို ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီနေ့ တိုက်ပွဲပြီးချိန် စစ်ကောင်စီဘက်က တုန့်ပြန်မှာ သေချာတာကြောင့် စစ်ကောင်စီ စခန်းပတ်လည်နဲ့ လမ်းတွေမှာ မိုင်းဆင်တာ၊ ကင်းအထပ်ထပ်ချတာနဲ့ ရေစကြို ဒေသခံ ပြည်သူတွေကို အပြီးသတ် ညှိနှိုင်းတာတွေ လုပ်နိုင်ခဲ့တယ်လို့ MBT ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှာလည်း ရေစကြို အမှတ် (၂) စည်ပင်သာယာရပ်ကွက်က ရုံးပေါင်းစုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Myingyan Black Tiger က ပြောက်ကျားနည်းဗျူဟာနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးကြောင်း ဖရဲသီး သတင်းပေးချက်အရ သိရတယ်လို့ MBT က ထုတ်ပြန်ထားပါတယ်။