မကွေးတိုင်း ရေစကြိုမြို့ အမှတ်(၈)ရပ်ကွက်၊ သုခဝတီရပ်မှာ နေထိုင်တဲ့ စစ်အုပ်စု သစ္စာခံ ရေစကြိုမြို့နယ် ကောင်စီဝင် ဦးကျော်ဝင်းဆိုသူရဲ့ နေအိမ်ကို မနေ့က နေ့လည်ပိုင်း PDF တွေက စီးနင်းခဲ့ပြီး ဘေးအိမ်က ဖုန်းဆက်သတင်းပေးတဲ့အတွက် စစ်အုပ်စု ချက်ချင်းရောက်လာကာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေ(၁၉)ရက် နေ့လည်(၁)နာရီက ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်မှာ နေတဲ့ မြို့နယ် စီမံအဖွဲ့ဝင်(၂) ဦးကျော်ဝင်းရဲ့ နေအိမ်ကို PDF ခြောက်ဦးက ဆိုင်ကယ်သုံးစီးနဲ့ ရောက်လာကာ ဦးကျော်ဝင်း အိမ်ထဲမှာ ရှိ၊မရှိ မေးမြန်းရှာဖွေနေချိန် သတင်းရလို့ သွားရောက်ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။
အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဉ်မှာ စစ်အုပ်စုဘက်က ထိခိုက်သေပျောက်တာ မရှိဘဲ PDF တွေ ကျန်ရစ်တဲ့ ဆိုင်ကယ်တစ်စီး သိမ်းဆည်း ရရှိတယ်လို့လည်း စစ်အုပ်စုက ဆိုပါတယ်။
စစ်အုပ်စု ကောင်စီဝင်ရဲ့ နေအိမ်ကို PDF တွေက စီးနင်းနေချိန် ဘေးအိမ်ကနေ စစ်အုပ်စုကို ဖုန်းဆက် သတင်းပေးတဲ့အတွက် စစ်အုပ်စု ချက်ချင်းရောက်လာပြီး သေနတ် အချက်(၄၀)လောက် ပစ်ဖောက်ခဲ့ကြောင်းနဲ့ စစ်အုပ်စု သစ္စာခံ ကောင်စီဝင် ဦးကျော်ဝင်း ဆိုသူလည်း အိမ်မှာ ဆက်မနေတော့ဘဲ ပစ္စည်းတွေ သယ်ကာ စစ်အုပ်စုနောက် လိုက်ပါသွားတယ်လို့ ရေစကြို သတင်းပေါင်းစုံ မီဒီယာက ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ MFP အနေနဲ့ မသိရသေးပါဘူး။
ရေစကြိုနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို PDF တွေကလည်း ရေစကြိုမြို့ပေါ်အထိ တက်ကာ စစ်အုပ်စုနဲ့ ဆက်စပ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။