မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီစခန်းမှ ရဲတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၉ရက်) ညနေ ၄နာရီခန့်က ရေစကြိုမြို့ရှိ နံ့သာဟေဝန်ပန်းခြံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ ရဲတပ်ကြပ်တစ်ဦးသည် ၎င်းကိုင်ဆောင်သော ကာဘိုင် တစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၁၀၀တို့ဖြင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရဲတပ်ကြပ်သည် ရေစကြို(ပကဖ)နှင့် C.D.F ဟားခါး B2, C5 (Gangaw)တို့ထံ ဆက်သွယ်ကာ အလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းအား ဘေးကင်းစွာခေါ်ဆောင်လာနိုင်ခဲ့သည်ဟု ပကဖ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရဲတပ်ကြပ်မှာ အသက်(၅၀)ကျော်ရှိပြီး ရဲသက်တမ်း (၂၈)နှစ်ရှိသည်။
“သူ့ရဲ့မိသားစုက အပြင်မှာရှိတယ်။ သူ့သားသမီးတွေ မျက်နှာမငယ်ဖို့အတွက် အလင်းဝင်ရောက် တာလို့ပြောတယ်။”ဟု ပကဖ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရဲတပ်ကြပ်သည် လက်ရှိတွင် လုံခြုံစိတ်ချရသည့်နေရာတွင်ရှိနေပြီး ၎င်းအား ဆုချီးမြှင့်ရန် ပကဖက စီစဥ်နေသည်။
ရေစကြိုမြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံရန် ကျန်ရှိနေသော အရာရှိ၊ အကြပ်၊ စစ်သည်များအနေဖြင့်လည်း ဘေးကင်းလုံခြုံသောလူနေမှူဘဝတွင် လွတ်လပ်စွာနေထိုင်နိုင်ရန် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ပကဖက အသိပေးထားသည်။