မကွေးတိုင်း၊ ရေစကြိုမြို့ရှိ တပ်မ(၁၀၁) လက်အောက်ခံ တပ်ရင်းသုံးခုနှင့် မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာများအား တိုက်ခိုက်ရာ ခုနစ်ဦးခန့်သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။
ယမန်နေ့ (နိုဝင်ဘာလ ၁၁ရက်)နံနက် ၄ နာရီခွဲခန့်ကစတင်ကာ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နံ့သာဟေဝန်ပန်းခြံနှင့် မြို့မရဲစခန်းတို့အား ၄နာရီကြာ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)က အသိပေးသည်။
ရဲစခန်းနှင့် ပန်းခြံအတွင်းရှိ ဘန်ကာများဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိကြောင်း၊ ဒရုန်းဖြင့်လည်း အီနာဂါဗုံးအများအပြားချကာ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ) အဖွဲ့က ဆိုသည်။
ပန်းခြံနှင့် ရဲစခန်းအား ဝင်ရောက်သိမ်းပိုက်ရန်ကြိုးစားခဲ့သော်လည်း တိုက်ပွဲအချိန်ကြာမြင့်မှုနှင့် ခဲယမ်းမလုံလောက်မှုကြောင့် နံနက်၉နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေစကြို (ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပန်းခြံသို့ စစ်ကူလာသည့် ဆေးရုံမှ စစ်ကောင်စီတပ်သားများကိုလည်း ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးကြောင်း၊ ရဲစခန်းတွင်းမှ တပ်သားအချို့ လည်း စခန်းအားစွန့်ခွာထွက်ပြေးမှုများရှိကြောင်း ရေစကြိုပကဖအဖွဲ့က ပြောသည်။
ထို့အပြင် ရေစကြိုမြို့နယ် တပ်မ(၁၀၁)လက်အောက်ခံ ခလရ (၂၅၆ ၊၂၅၇ ၊၂၅၈) တပ်မများအား (၆၀)မမ လက်နက်ကြီးများ၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ၃နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကအဖွဲ့က ထပ်မံအသိပေးသည်။
တိုက်ခိုက်မှုကြောင့် အဆိုပါတပ်တွင်းမှ စစ်ကောင်စီတပ်သားများထိခိုက်မှုရှိနိုင်ပြီး အဆောက်ဦးများလည်းပျက်စီးမှုများရှိသည်ဟု ဆိုသည်။
ယမန်နေ့က တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၇ ဦးခန့်သေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရှိကြောင်း ရေစကြို(ပကဖ)အဖွဲ့က စုံစမ်းသိရှိထားသည်ဟု ဆိုသည်။
ထို့အပြင် PDFများဘက်က ရဲဘော်တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ရည်ရွယ်တာကတော့ စခန်းအားလုံး သိမ်းဖို့ပဲ။ ရနိုင်တဲ့အနေအထားထိလည်း ရှိတယ်။ ပန်းခြံဆိုလည်း သူတို့တပ်စွဲထားတဲ့ အုတ်တံတိုင်းအခြေထိရောက်ပြီ။ ဘန်ကာတစ်လုံးလည်းဖြိုပြီးသွားပြီ။ အချိန်ကြာလာတာရယ်၊ အဓိကကတော့ ခဲယမ်းပြန်ပြီးမဖြည့်နိုင်တာ။ ဗျူဟာမြောက်လက်နက်တွေမရှိတာကြောင့် ပြန်ပြီးဆုတ်ခဲ့တာ။”ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၉)၊နွေဦးစစ်သည်-YSO ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ရေစကြိုမြို့ပေါ်၌ ယနေ့အထိ လူသွားလူလာမရှိကြောင်း မြို့ခံများက ပြောသည်။
ယမန်နေ့ကပင် ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနည်တပ်စခန်းကို အခြားဒေသတွင်း PDFအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။